ရသေ့တောင်ဘက်မှာ နစက တွေ အသတ်ခံရ

  • 2 နိုဝင်ဘာ 2011
Image caption အသတ်ခံလိုက်ရတဲ့ နစကတွေဟာ ရသေ့ တောင် မြို့နယ် အငုံမို စခန်းက ဖြစ်ပါတယ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာ တစ်ရွာမှာ နစကလို့ လူသိများတဲ့ နယ်စပ်ဒေသ ကွပ်ကဲမူ အဖွဲ့မှ အရာရှိ တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ဟာ အင်္ဂါနေ့ က အသတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံလိုက်ရတဲ့ နစက တပ်ဖွဲ့တွေဟာ မြန်မာ-ဘင်္ဂလား နယ်စပ်အနီး ရသေ့တောင် မြို့နယ် တောင်ပိုင်း အငုံမို စခန်းက ဖြစ်ကြပြီး သူတို့ဟာ ကျိုက်ရောကုန်တန်းရွာ ကို အသွား အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံတဦးကတော့ ဘာကြောင့် နစကတွေ အခုလို အသတ်ခံရတယ် ဆိုတာကိုတော့ အသေအချာမသိရ သေးဘူးလို့ ဆိုပါတယ်။

အဲဒီရွာဟာ မူဆလင်တွေ အများစုနေထိုင်တဲ့ ရွာတရွာဖြစ်တယ်လို့ သိရပြီး၊ လူသတ်မှုမှာ ပါဝင်တဲ့ သူတွေဟာ ရွာကို စွန့်ခွာသွားကြပြီ ဖြစ်တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

သတ်တဲ့ သူတွေကို မမိလိုက်တဲ့ အတွက် အာဏာပိုင်တွေက ရာနဲ့ချီတဲ့ နစက တပ်ဖွဲ့ဝင် တွေကို တပ်ဖြန့်ချထားလိုက်ပြီး၊ လမ်းတွေပိတ်ကာ လူသတ်တရားခံတွေကို ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ သိရပါတယ်။

သေဆုံးသွားကြတဲ့ နစက တပ်ဖွဲ့ဝင်တွေ အလောင်းကိုတော့ ဗုဒ္ဓဟူးနေ့မှာ ရသေ့တောင်မြို့ ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။