ရေကြီးမှုကြောင့် ကြက်သွန် စျေးခုန်တက်

  • 2 နိုဝင်ဘာ 2011
Onion
Image caption ရေကြီး ရေလျှံမှုကြောင့် ကြက်သွန်စျေးတွေ ထိုးတက်

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မကြာခင်က မိုးကောင်းပြီး ရေကြီးခဲ့တဲ့ အတွက် ကြက် သွန်ခင်းတွေ ပျက်စီးကုန်ပြီး ကြက်သွန် စျေးတွေ ထိုးတက်ခဲ့ပါတယ်။

အောက်တိုဘာ လလယ်ပိုင်းက မိုးကောင်းတဲ့ အတွက် ဥစိုက် ကြက်သွန်လို့ ခေါ်တဲ့ မိုးရာသီ ကြက်သွန်နီ စိုက်ခင်းတွေပျက်စီးရသလို ယောချောင်း ကျောချောင်းနဲ့ ယမားချောင်း ရေတွေ လျှံတက်လို့ တောင်သူ တွေရဲ့ ဂိုထောင် တွေမှာ သိမ်းထားတဲ့ ကြက်သွန်နီတွေ ရေမြုပ် ခဲ့ပြီး ကြက်သွန် တပိသာကို ၅၀ဝ ကျော်လောက် ဈေးတက် သွားခဲ့ပါတယ်။

အောက်တိုဘာ ၂၀ မတိုင်ခင် မိုးမကျခင်က ကြက်သွန် ပေါတဲ့ မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ ကြက်သွန် ထိပ်စ တပိသာ ၇၀ဝ လောက် ရှိခဲ့ရာကနေ အောက်တိုဘာ ၁၉ ရက်ညက ချောင်းရေ တိုက်စားလို့ ပခုက္ကူ ခရိုင် ဆိပ်ဖြူနဲ့ ပေါက်တဝိုက်မှာ ကြက်သွန်ခင်းတွေ ကြက်သွန် ဂိုဒေါင်တွေ ရေမြုပ် ခဲ့တာကြောင့် ၁၂၀ဝ ထိ တက်သွား ခဲ့ပါတယ်။

ချောင်းရေကြီးလို့ ပေါက်နဲ့ ဆိတ်ဖြူ တဝိုက်က တောင်သူနဲ့ ကုန်သည်တွေ လက်ထဲမှာ ရှိတဲ့ ကြက်သွန် ပိသာချိန် ၈ သိန်း ဝန်းကျင်လောက် ရေမြုပ် သွားခဲ့တဲ့ အကြောင်း ရေနံချောင်း မြို့က ကြက်သွန် ကုန်သည် ဦးတင့်လွင်က ဘီဘီစီကို ပြောပြပါတယ်။

ရေထိတဲ့ ကြက်သွန်တွေက ရန်ကုန်ကို ရောက်ပြီး ရန်ကုန်မှာအရင် ၁၄၀ဝ ကနေ ၁၂၀ဝ ပြန်ဖြစ် သွားပြီ ရေနစ် ကြက်သွန်က ရန်ကုန်မှာ ငါးရာ ခြောက်ရာလောက် ရှိမယ်လို့ ပြောပြပါတယ်။

ရန်ကုန် လက်ကား ဈေးကွက်မှာ ကြက်သွန်နီဈေး ၁၅၀ဝ လောက် ရောက်သွားတော့ သက်ဆိုင်ရာက ပြည်ပကနေ ကြက်သွန်တွေ တင်သွင်းမယ်ဆိုတဲ့ သတင်းကြောင့် ဒီရက်အတွင်း အနည်းငယ် ကျသယောင် ဖြစ်သွားပေမယ့် လက်တွေ့မှာ မဖြစ်နိုင် တာကြောင့် လာမယ့် သီတင်းပတ်တွေမှာ ဆက်တက်ဖွယ် ရှိတယ်လို့ ဦးတင့်လွင်က ပြောပါတယ်။

Image caption မြန်မာပြည် အလယ်ပိုင်း ရေကြီးမှုကြောင့် ကြက်သွန်စျေးတွေ ထိုးတက်

အိန္ဒိယ ကြက်သွန်က စစ်တွေ အရောက်ကို ၁၁၀ဝ စျေးပေါက်ပြီး ရန်ကုန် အရောက်ဆို ၁၃၀ဝ ဖြစ်သွားတော့ ကုန်သည်တွေ မသွင်း နိုင်ဘူးလို့ သိရပါတယ်။

တရုတ် ကြက်သွန်က နယ်စပ်မှာ ၅၀ဝ ပဲ ရှိပေမယ့် လူကြိုက် မများတဲ့ အတွက် ကုန်သည်တွေ မသွင်းရဲပါဘူး။

ရေစို ကြက်သွန် တပိဿာကို ၅၀ဝ ဝန်းကျင် ဈေးနဲ့ ရောင်းရပေမယ့် တာရှည် မခံတာ အပြင် တခြား ကြက်သွန် အဓိက စိုက်တဲ့ ကျောက်ဆည် မြစ်သား တဝိုက် မှာလည်း မိုးများရာကနေ ကြက်သွန်ခင်း တဝက်လောက် ပျက်စီးထားတော့ ဈေးဆက် တက်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်း ကြပါတယ်။

ဆောင်းရာသီ ဒီဇင်ဘာလကုန် ချောင်းတွေ ထဲမှာ စိုက်မယ့် အပင်စိုက် ကြက်သွန်တွေ အတွက် ပျိုးခင်းတွေ ကလည်း ပျက်စီး ခဲ့တာကြောင့် လတ်တလော ကြက်သွန် ပျိုးစေ့ ဟာလည်း တပြည်ကို ၃ သောင်း ကနေ ၅ သောင်းထိ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ကြက်သွန်ဈေး တက်နေတဲ့ အခြေ အနေကို ထိန်းလို့ ရနိုင်မှာ မဟုတ်ပေမယ့် နောက်ထပ် ဥစိုက် ကြက်သွန် ပေါ်မယ့် ဒီဇင်ဘာ လလယ် ရောက်ရင်တော့ ကျကောင်း ကျနိုင်တယ်လို့ ပခုက္ကူ မြို့က ကြက်သွန် ကုန်သည် ဦးသိန်းက သုံးသပ်ပါတယ်။

သူ့အပြော အရ ဆိုရင်တော့ လာမယ့်နှစ် ကြက်သွန်ဈေး အတက် အကျဟာ တောင်သူ တွေရဲ့ စိုက်ပျိုးမှု ပမာဏနဲ့ ရာသီဥတု အဆိုး အကောင်းပေါ်ပဲ မူတည် အဆုံး အဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။