ဒီကေဘီအေ နဲ့ အစိုးရ အပစ်ရပ် ဖို့ သဘောတူပြီ

  • 3 နိုဝင်ဘာ 2011
dkba ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ တပ်ဖွဲ့ စစ်ရေးပြစဉ်

ဒီကေဘီအေ လက်နက်ကိုင် အဖွဲ့ နဲ့ အစိုးရ အကြား အပစ်အခတ် ပြန်လည် ရပ်စဲ ဖို့ သဘောတူညီချက် ရရှိ သွားပါတယ်။

ဖားအံ မှာ ပြုလုပ်ခဲ့တဲ့ ၂ ဘက် ကိုယ်စားလည် တွေ ဆွေးနွေးပွဲမှာ အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရ ခဲ့တာ ဖြစ်ပြီး ဒီကေဘီအေ တပ်တွေ အတွက် တပ် တည်နေရာ တွေ ကို လည်း သတ်မှတ် နိုင်ခဲ့ ကြ ပါတယ်။

သဘောတူညီချက် အသေးစိတ် တွေ ကို မကြာခင် ကြေညာ ပေးမယ် လို့ ဒီကေဘီအေ က တာဝန်ရှိသူ တဦး က ဘီဘီစီ ကို ပြောပါတယ်။

အခု ဆွေးနွေးပွဲ ကို ဒီကေဘီအေ ဘက်မှ ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး က ဦးဆောင် ပြီး အစိုးရ ဘက် ကတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးသိန်းဇော် က ဦးဆောင် ခဲ့ ပါတယ်။

ဒီကေဘီအေ ဟာ အရင် ကလည်း အစိုးရ နဲ့ အပစ်အခတ် ရပ်စဲ ရေး လုပ်ခဲ့ပြီး အစိုးရ က နယ်ခြားစောင့် တပ် အဖြစ် အသွင်ပြောင်း ရမယ် လို့ ဖိအား ပေးခဲ့တဲ့ နောက်မှာ တော့ နယ်ခြားစောင့်တပ် ကို လက်ခံသူတွေ နဲ့ အခု လက်ရှိ ဒီကေဘီအေ ကို ဦးဆောင် နေတဲ့ ဗိုလ်မှူးကြီး စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး သဘောထား ကွဲ ခဲ့ ပါ တယ်။

ဗိုလ်မှူးကြီး စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ဟာ မြန်မာ အစိုးရ ကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး မြဝတီ မြို့ တွင်းနဲ့ ပတ်ဝန်းကျင် တဝိုက်မှာ ၂ ဘက် တိုက်ပွဲ တွေ ဖြစ်ခဲ့ ပါတယ်။