ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဘာကြောင့် ဖြစ်မလာ တာလဲ

  • 3 နိုဝင်ဘာ 2011

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မတိုး နိုင်ဘဲ နှစ်လကျော် ကြာအောင် အဆက် အသွယ် မရှိ ဖြစ်နေ ခဲ့တဲ့ မြန်မာ အစိုးရနဲ့ ကေအိုင်အေ ကချင် လွတ် လပ်ရေး တပ်မတော်တို့ ကြားမှာ အခု ရက်ပိုင်း အတွင်း ကတော့ စာနဲ့ အပြန် အလှန် ဆက်သွယ် မှုတွေ ရှိခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် KIO
Image caption ကေအိုင်အေနဲ့ အစိုးရကြား ပြီးခဲ့တဲ့ ဇွန်လက ဆွေး နွေး ခဲ့စဉ်

ဒါပေမဲ့ တိုက်ပွဲတွေ ကတော့ ခုချိန် အထိ ဆက်လက် ဖြစ်ပွား နေပါတယ်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့က ဦးသိန်းဇော်က တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ ကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေမှု တွေကို ရှင်းပြထားတဲ့ အချက် ငါးချက်ပါ စာ တစ်စောင်ကို ကေအိုင်အို ဥက္ကဌဆီ ပေးပို့ ခဲ့ပြီးတဲ့ နောက်မှာ ကေအိုင်အို ကလည်း သူတို့ ဘက်က လိုလားချက် တွေကို ပြန်လည် စာရေးသား ပေးပို့ခဲ့ ပါတယ်။

တချိန်တည်း မှာပဲ NDAK ကချင် ဒီမို ကရေစီသစ် တပ်မတော် ခေါင်းဆောင် ဦးဆခုန် တိမ်ယိမ်း အပါအဝင် ပြည်သူ့စစ် ခေါင်းဆောင် တချို့က လည်း ကေအိုင်အေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းစာ ပေးပို့ခဲ့ ပါတယ်။

ကေအိုင်အေ ဘက်တော့ လတ်တလော မြန်မာ နိုင်ငံကို ကုလ သမဂ္ဂ အရာရှိနဲ့ အမေရိကန် သံတမန်တွေ အပြင် နိုင်ငံ တကာက ပုဂ္ဂိုလ်တွေ လာရောက် နေစဉ်မှာ အစိုးရ ဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်း မှု ရှိတယ် ဆိုတာ သိစေချင်တဲ့ သဘောနဲ့ စာရေးသား ခဲ့တာသာ ဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ဒီလို ဝိုင်းဝန်း တိုက်တွန်း နေရတာဟာ ကေအိုင်အို ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မလိုလားတဲ့ အတွက် ကြောင့်လား လို့ ဘီဘီစီက မေးရာမှာ ကေအိုင်အို လက်ထောက် အထွေထွေ အတွင်း ရေးမှူး ဦးလနန်က မြန်မာ အစိုးရဟာ နိုင်ငံရေး အရ ဆွေးနွေးဖို့ ဆန္ဒ မရှိဘဲ အပစ် အခတ် ရပ်စဲပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ပြီးတဲ့ အခါ လွှတ်တော်ထဲမှာ သာ ဆွေးနွေးကြဖို့ ပြောတာကြောင့် ဆွေးနွေးပွဲတွေ ရှေ့မဆက် နိုင်တာလို့ ပြောပါတယ်။

တိုက်ပွဲ အခြေ အနေ

ကြာသပေတေးမနက် ၉ နာရီကျော်လောက်က ကချင်ပြည်နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ၊ နန်ဆန်ယန် အနီးက တောင်ကြောမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

အစိုးရ စစ်တပ် ဘက်က တပ်ဖွဲ့ ဝင်တွေ စုနေတဲ့ နေရာပေါ် တည့်တည့် ကို ကေအိုင်အေ ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲ ခဲ့တယ် လို့လည်း သိရပါတယ်။

နန်ဆန်ယန် အနီးက တောင်ကြော တဝိုက်မှာ အစိုးရ စစ်တပ် နဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ အကြား နေ့စဉ် လိုလို အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားနေတာ ရက်(၂ဝ) လောက် ရှိနေပြီလို့ ကေအိုင်အေ ဘက်က ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ကလည်း မိုးမောက် မြို့နယ် ကျောက်စခန်းရွာ အထက် ဘက်မှာ၊ ကေအိုင်အေ ရှေ့တန်း စခန်းတခုကို အစိုးရ စစ်တပ်က လက်နက်ကြီး တွေနဲ့ တိုက်ခိုက် ခဲ့တာရှိ တယ် လို့လည်း သိရပါတယ်။