အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ

  • 4 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆွေးနွေးပွဲကို NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့

မြန်မာနိုင်ငံက စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေက ကမကထပြုပြီး ကျင်းပတဲ့ အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးရေးလို့ တင်စားခေါ်တဲ့ Green Economy & Development ဆွေးနွေးပွဲ တစ်ရပ်ကို နေပြည်တော်နဲ့ ရန်ကုန် နှစ်ဌာန ခွဲလို့ ကျင်းပခဲ့ရာ သောကြာနေ့မှာ ပြီးဆုံး သွားခဲ့ပါပြီ။

ရန်ကုန်မြို့ ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ခဲ့တဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်း၊ ပွဲ ဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက် ပေးသူတဦး ဖြစ်တဲ့၊ မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနေ ကိုယ်စားလှယ် လုပ်ခဲ့ဖူးသူ ဦးကျော်လွင်လှက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က ဒီဆွေးနွေးပွဲအပေါ် အားရမှု ရှိကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ မူဝါဒတွေ၊ လုပ်ငန်းဗျူဟာတွေနဲ့ တင်ပြချက်တွေကို ဘယ်လို အောင်မြင်အောင် အကောင်အထည် ဖေါ်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ ကြတာဖြစ်ပြီး အခု တင်ပြဆွေးနွေးခဲ့တာတွေကို ပြည်သူလူထု အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက် နားလည်မှသာ အောင်မြင်မှုရမှာ ဖြစ်ကြောင်း ဦးကျော်လွင်လှက ပြောပါတယ်။

အစိုးရပိုင်းကလည်း အခုဆွေးနွေးပွဲအပေါ် အတော်လည်း အားကျသလို ထောက်ခံမှုလည်း ပေးတဲ့အတွက် မယုံနိုင်အောင် ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ ဒီပွဲမှာ သမ္မတရဲ့ မိန့်ခွန်းကို သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီးက ဖတ်ကြားခဲ့တာ ဖြစ်ပါ တယ်။

အစိမ်းရောင်စီးပွားရေးနဲ့ ပတ်သက်ပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရာမှာ ပိတ်ဆို့အရေးယူမှုတွေ ရှိလည်း မဆိုင်ကြောင်းကို သူက ဆက်ရှင်းပြပါ တယ်။