အမေရိကန် အရာရှိ တွေ ရဲ့တွေ့ဆုံပွဲ တွေ

  • 4 နိုဝင်ဘာ 2011
dassk_derek ဓာတ်ပုံ မူပိုင် Reuters
Image caption တွေ့ဆုံပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဒဲရစ် မစ်ချယ် နဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန ဒီမို ကရေစီရေး၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စနာ တို့ဟာ သောကြာနေ့ ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ခဲ့ ပါတယ်။

သူတို့ တွေ့ဆုံပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆွေးနွေးမှု အသေးစိတ် ကို မထုတ်ပြန် ခဲ့ပေမဲ့ တွေ့ဆုံမှု ဟာ အခြေအနေ ကောင်းကြောင်း နဲ့ တိုးတက်မှု တွေ ရှိကြောင်း ပြောကြပါတယ်။

အမေရိကန် အစိုးရ အရာရှိ ၂ ဦး ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ပြီးတဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဦးဆောင်ကော်မီတီဝင် တွေနဲ့လည်း တွေ့ဆုံ ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ ခေါင်းဆောင် တချို့ က အခုဖြစ်ပေါ်တိုးတက် နေတဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်ချက် တွေကို ထောက်ပြ ပြောဆို ခဲ့တယ် လို့ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

မြန်မာနိုင်ငံ ကို အမေရိကန် အစိုးရ ပိုင်း ရဲ့ ကိုယ်စားလှယ် တွေ အခုရက်ပိုင်း အတွင်း လာရောက် ခဲ့ သလို ၊ ကုလသမဂ္ဂ အထွထွေ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး လည်း လာရောက် ခဲ့ပါတယ်။

အမေရိကန် အစိုးရ အရာရှိ ၂ ဦး ဟာ သိတ်မကြာသေးတဲ့ ကာလ က အကျဉ်းထောင် တွေ ထဲက နေ သမ္မတ ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွတ်မြောက်လာတဲ့ ကိုဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်း ၆ ဦး နဲ့လည်း သောကြာ နေ့ က တွေ့ဆုံ ခဲ့ပြီး အကျဉ်း ထောင်တွင်း အခြေအနေ တွေကို မေးမြန်းသွားတယ် လို့ သိရ ပါတယ်။