အပြုသဘော တိုးတက်မှု ကုလကိုယ်စားလှယ် အားပေး

  • 4 နိုဝင်ဘာ 2011
ကုလအကြံပေးပုဂ္ဂိုလ်နဲ့ ဒေါ်စုဆွေးနွေး ဓာတ်ပုံ မူပိုင် AFP
Image caption ကုလအကြံပေးပုဂ္ဂိုလ်နဲ့ ဒေါ်စုဆွေးနွေး

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံ အခြေ အနေနဲ့ ပတ်သက်ပြီး တော်တော် အကောင်း မြင်တယ်လို့ ဆိုနိုင်ပါတယ် ။

သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကား အဆုံးမှာ မစ္စတာ နမ်ဘီးယား ပြောသွားတာကတော့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အပြန်အလှန် နားလည်မှုကို များစွာ တိုးတက်ရရှိစေနိုင်ဖို့ ၊ မြန်မာနဲ့ ကုလသမဂ္ဂအကြား အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့အတွက် တခါမှ မကြုံဖူးတဲ့ အထူးအခွင့်အလမ်းကို ပေးအပ်ခဲ့ကြောင်း၊ဒီလို ဆောင်ရွက်မှုမျိုးကို ဆက်လက်ပြီး ပြုလုပ်သွားဖို့ကို ကုလသမဂ္ဂက အထူး အားပေး လိုပါတယ်လို့လည်း သူကဆိုပြီး ဒီလို ဆောင်ရွက်တဲ့ နည်းဟာသာ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုအပေါ် ပြည်တွင်း ပြည်ပရဲ့ ယုံကြည်မှု ရရှိစေနိုင်မဲ့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

မစ္စတာနမ်ဘီးယားရဲ့ ပြောဆိုချက်တွေထဲမှာ တောင်းဆိုပါတယ် တိုက်တွန်းပါတယ်ဆိုတဲ့ပြောဆိုမှုမျိုးကို မတွေ့ရဘဲ အားပေးပါတယ်ဆိုတဲ့ ပြောဆိုမှုမျိုးကိုသား သုံးနှုန်းပြောဆိုသွားတာလည်း တွေ့ရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသ အဖြစ် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးရေး၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့ ပတ်သက်ပြီး ပြောင်းလဲ အဆိုပြုထားတဲ့ ဥပဒေကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ရေးတို့ဟာ ဦးစားပေး ဆောင်ရွက်နိုင်တဲ့ ဆောင်ရွက်သင့်တဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ပြောလို့ သူ့ရဲ့ ဒီစကားအရ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးမယ်လို့ သူက ယုံကြည်ထားပုံရပါတယ်။ အဲသလို ကတိစကားမျိုး သူ့အနေနဲ့ ကြားခဲ့ရတာမျိုး ရှိမရှိကိုတော့ အတိအကျ ထည့်သွင်း ပြောဆိုသွား တာမျိုး မတွေ့ရပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ လေးကြိမ်မြောက် ကုလသမဂ္ဂ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တွေ့ဆုံကြမယ်လို့လည်း သူက ဆိုသွားပါတယ်။

သူ့ခရီးစဉ်မှာ အစိုးရဘက်က ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။