အသွင်ကူးပြောင်းရေး စနေပြီလို့ အမေရိကန် ပြော

  • 5 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံခဲ့

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး ကာလ စတင်နေပြီလို့ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner က သူ့ရဲ့ မြန်မာနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အပြီးမှာ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အားတက်စရာ ကောင်းတဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်း အရိပ် လက္ခဏာ တွေကို တွေ့မြင်ရတဲ့အတွက် မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပေါ် အမေရိကန်အစိုးရ ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ကန့်သတ် ချက်တွေကို လျှော့ပေါ့ပေးဖို့ ရှိပြီး တခြား အကူအညီပေးရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေး ဖို့ ရှိတယ်လို့ မစ္စတာ ပေါ့စနာက ပြောကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ အမေရိကန် အစိုးရရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေးအတွက်ကတော့ မြန်မာ အစိုးရ ဖက်က နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့နဲ့ တခြား ကိစ္စရပ် မှာလည်း တိုးတက်မှုရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလ စတင်နေပြီဆိုတာနဲ့ ပတ်သက်လို့ တိုင်းရင်း သား ခေါင်းဆောင်တဦး ဖြစ်တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ဥက္ကာကတော့ မြန်မာနိုင်ငံမှာ သာမန်အားဖြင့် အသွင်ကူးပြောင်းရေးကာလကို ဦးတည်တဲ့ ပဏာမ လုပ်ငန်းတွေ ရှိလာနေပြီလို့ ပြောနိုင်ပေမယ့် ထင်သာ မြင်သာတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ အားလုံး ရပ်ဆိုင်း သွားနိုင်ဖို့ တပြည်လုံး အတိုင်းအတာဆောင်တဲ့ အဖြေရှာတဲ့ လုပ်ငန်းစဉ်တွေ အတိအကျ မတွေ့ရသေးတာကြောင့် အသွင်ကူးပြောင်းရေး ကာလ စနေပြီလို့ ပြောလို့ မရကြောင်း သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိနေပေမယ့် ဆွေးနွေးပွဲ ရလဒ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လို အဖြေရှာသွားမယ်၊ ပဋိပက္ခကို ဘယ်လို ဖြေရှင်းသွားမလဲ ဆိုတဲ့ ရလဒ်တွေကို ထုတ်ပြန်ကြေညာတာမျိုး၊ ထင်ရှားအောင် ပြတာမျိုး တွေ မတွေ့ရသေးတဲ့အပြင် တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ နိုင်ငံရေးအရ အဖြေရှာတာမျိုး မတွေ့ရတဲ့အတွက် စစ်မှန်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး လမ်းစ မမြင်နိုင်သေးဘူးလို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။