ဗေဒါကျောင်းရဲ့ အထက်မြန်မာပြည် သင်တန်း

  • 6 နိုဝင်ဘာ 2011
Image caption အခု သင်တန်းမှာ ဘာသာရပ် ၁၁ ခု ပို့ချမှာ ဖြစ်ပါတယ်

လူမှုရေးသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံ ဘာသာ ရပ်တွေကို အခမဲ့ သင်ကြားပို့ချပေးနေတဲ့ ဗေဒါသင်တန်းကျောင်းရဲ့ အထက် မြန်မာ ပြည် အတွက် ပထမဆုံး အကြိမ် ၄၅ ရက် ကြာ သင်တန်းတခုကို မန္တလေးမြို့မှာ အင်္ဂါနေ့ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

မြန်မာပြည်က လူငယ်တွေရဲ့အရည်အသွေးကို မြှင့်တင်တဲ့အနေနဲ့ ဖွင့်လှစ်သင်ကြားမယ့် ဒီသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်က အန်အယ်ဒီ မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့ အိမ်မှာ နိုဝင်ဘာ ၇ ရက်ကစပြီး ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဗေဒါသင်တန်းကျောင်းရဲ့ သင်တန်းအမှတ်စဉ် ၈ ခု သင်ကြားပို့ချခဲ့ပြီး အခု မန္တလေးမှာ ဖွင့်မယ့် သင်တန်းဟာ အထက်မြန်မာပြည်အတွက် ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် အထက်ပိုင်းက လူငယ်တွေက ရန်ကုန်ကိုဆင်းလာပြီး ကျောင်းတက်တဲ့ အခါမှာ ခရီးသွားလာရ အခက်အခဲရှိတာကြောင့် အခုလို မန္တလေးမှာ အထက်မြန်မာပြည် ကျောင်းခွဲ ကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဗေဒါကျောင်း ဒါရိုက်တာအဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်းက ရှင်းပြပါတယ်။

အခုသင်တန်းမှာ ဖွဲစည်းပုံအခြေခံဥပဒေ၊ လူ့အခွင့်အရေးအကြောင်းနဲ့ နိုင်ငံရေးအပါအဝင် ဘာသာရပ် ၁၁ ခု ပို့ချမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မှာဖွင့်တဲ့ သင်တန်းတွေတုန်းကတော့ အာဏာပိုင်တွေဘက်က ဧည့်စာရင်း တိုင်ခွင့် မပေးတာ အပြင် အိမ်ရှင်ကို ဖိအားပေးတာမျိုးတွေ လုပ်ခဲ့လို့ အခက်အခဲ ရှိခဲ့ပေမယ့်၊ အခု သင်တန်းမှာတော့ အားလုံး အဆင်ပြေ ချောမွေ့နေတယ်လို့ ပြောပါတယ်။

ဒီသင်တန်းကို တက်ရောက်မယ့် သင်တန်းသား အယောက် ၃၀ ဟာလည်း မန္တလေးကို အဆင်သင့် ရောက်နေကြပြီလို့ သိရပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးစီးသွားတဲ့ သင်တန်းသားတွေဟာ ကိုယ့်ဒေသတွေကို ပြန်ရောက်ရင် မိမိတို့သင်လာတဲ့ နိုင်ငံရေး ဗဟုသုတတွေကို ပြန်လည် ဖြန့်ဝေ သင်ကြားပေး ဖို့ သဘောတူထားကြတယ်လို့လည်း သိရပါတယ်။