ချင်းပြည်နယ် ဆင်းရဲမှု လျော့ကျရေး တင်ပြမယ်

  • 6 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Zozam
Image caption ချင်းပြည်နယ် ဆင်းရဲမှုကိစ္စ ပြည်နယ် လွှတ်တော်မှာ ဦးဇိုဇမ်း တင်ပြ ဆွေးနွေးဖို့ ရှိ

မြန်မာနိုင်ငံမှာ ဆင်းရဲ မွဲတေမှု အမြင့်ဆုံး ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ဆင်းရဲ မွဲတေမှု လျော့ကျသွားစေရေးနဲ့ ပတ်သက် လို့ ချင်းပြည်နယ် လွှတ်တော် အစည်း အဝေးမှာ ထည့်သွင်း တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် တဦးက ပြောပါတယ်။

လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးကို တက်ရောက်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဟားခါးမြို့မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်းကတော့ တွန်းဇံ မြို့နယ်မှာ ဘိန်းထုတ်လုပ်နေမှုကိစ္စ စုံစမ်း အရေးယူရေး၊ ကန်ပက်လက်မြို့နယ်မှာ လက်ဝါးကားတိုင်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ကိစ္စကို အထက်လူကြီးတွေ သိမသိ၊ အိန္ဒိယ အစိုးရက ပေးတဲ့ အကူအညီငွေ ဒေါ်လာ ၆ သန်းဟာ ချင်းပြည်နယ် အတွက်လား၊ ဗဟို အစိုးရအတွက်လားဆိုတာ ကွဲကွဲပြားပြား သိနိုင်ဖို့နဲ့ လာမယ့် ၂၀၁၅ ခုနှစ်မတိုင်ခင် ချင်းပြည်နယ်မှာ ဆင်းရဲ မွဲတေမှု ၃၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရေး အစိုးရ စီမံကိန်း ကိစ္စစတာတွေအကြောင်း မေးမြန်း တင်ပြမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်ဟာ စားနပ် ရိက္ခာ စိုက်ပျိုး ထုတ်လုပ်မှုတွေ မလုပ်နိုင်တဲ့ အတွက် ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး နောက်ကျနေကြောင်းနဲ့ ချင်းကလေးငယ်တွေဆိုရင် ပိန်လှီပြီး ဗိုက်ပူ နံကားလေးတွေ ဖြစ်နေကြောင်း ဒါ့ကြောင့် အစိုးရအနေနဲ့ ချင်းပြည်နယ်ကို အထူးဇုံအဖြစ် သတ်မှတ်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ဦးဇိုဇမ်းက ပြောပါတယ်။

လောလောဆယ် ချင်းပြည်နယ် အစိုးရက အုပ်စုလိုက် မွေးမြူရေး လုပ်ငန်းတွေ လုပ်ပေးတာ မျိုး၊ ဘဏ်တွေကနေ ငွေချေးပေးတာမျိုးတွေ လုပ်နေပေမယ့် ရွာလူကြီးတွေရဲ့ အဂတိ လိုက်စားမှုတွေ ရှိနေပြီး အကူအညီတွေကို သူတို့ ကိုယ်ပိုင်အိတ်ထဲ ထည့်လေ့ရှိတာကြောင့် ချင်းပြည်နယ် လူထုအနေနဲ့ လိုအပ်တဲ့ အကူအညီတွေ မရပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် ချင်းပြည်နယ်မှာ ဆင်းရဲ မွဲတေမှု ဖျက်သိမ်းနိုင်ဖို့ ပထမ ခြေလှမ်း အနေနဲ့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ရွာလူကြီးတွေကိုသာ အစားထိုး ခန့်ထားသင့်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်းက ပြောပါတယ်။