စစ်တပ်က ထိုးစစ်ဆင်ရာ ဒေသတွေမှာ အကြမ်းဖက်မှု လျော့ဖို့ WLB တောင်းဆို

  • 8 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် wlb
Image caption Women's league of Burma အမှတ်တံဆိပ်

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှု တွေနဲ့ ကြုံတွေ့ နေရတဲ့ အမျိုးသမီး တွေရဲ့ အခြေအနေကို ထိုင်းအခြေစိုက် WLB အမျိုးသမီးများအဖွဲ့ (မြန်မာနိုင်ငံ) က မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယို တခုကို ချင်းမိုင်မြို့မှာ မနေ့က စတင် ပြသ ခဲ့ပါတယ်။

အဲဒီ ဗီဒီယို မှတ်တမ်းခွေမှာ ကချင်၊ ကရင်နှင့် ရှမ်းဒေသတွေ အတွင်း ဆက်တိုက် ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်နေမှုနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ် လေးတွေ အပေါ် အစီအစဉ်ချ ကျယ်ပြန့်စွာ မုဒိမ်းကျင့်မှုတွေ ဆက်လက် ကျူးလွန် နေဆဲ ဖြစ်ကြောင်းကို မီးမောင်းထိုး တင်ပြထားပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က မြန်မာ စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းပါ များအား ၄င်းတို့ ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုနှင့် လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားခုံရုံးကို လွှဲပြောင်း တရားစွဲဆိုရေးကို ရှေးရှုတဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးရန် အမျိုးသမီးတွေ အတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ ဆိုတဲ့ ဗီဒီယိုမှတ်တမ်းခွေနဲ့ ထပ်မံ တောင်းဆို လိုက်ပါတယ်။

အဲဒီ မှတ်တမ်းခွေမှာ စစ်အစိုးရ စစ်တပ်က စစ်ရာဇဝတ်မှုနှင့် လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ပို၍ ခိုင်မာစေသော သက်သေ အထောက်အထားများ အဖြစ် မုဒိမ်းကျင့်ခံခဲ့ရသူ အမျိုးသမီးများနှင့် အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် လူ့အခွင့်အရေး အတွက် ဆောင်ရွက် နေကြသော အဝိုင်းအဝန်းမှ လူပုဂ္ဂိုလ်များနှင့် လူတွေ့မေးမြန်းချက်များကို အထူးတလည် တင်ပြ ထားပါတယ်။

မြန်မာ စစ်အစိုးရ အနေဖြင့် ထိုးစစ်ဆင်နေသော နယ်မြေတွေ အတွင်း အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရပ်တန့်ပေးရန်နှင့် မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂမှ အကြံပြု တောင်းဆိုနေခြင်း များအား အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန် လိုအပ်ကြောင်းကို မှတ်တမ်းခွေက ထပ်ဆင့် ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရ အနေနဲ့ အမျိုးသမီးတွေ အပေါ်မှာ အတင်း အဓမ္မပြုကျင့်မှုတွေ အပါအဝင် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အစီအစဉ်ချ ကျူးလွန်ခွင့် ပြုထားတယ်ဆိုတာကို ဒီမှတ်တမ်းခွေက ပိုပြီး သက်သေပြ နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေး၊အခြေခံလွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ပါမယ်လို့ သံဓိဌာန် ထားကြတဲ့ အတိုင်း ဆောင်ရွက် ပေးပါလို့ တိုက်တွန်း တောင်းဆိုချင်ကြောင်း အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။