အန်အယ်ဒီ မှတ်ပုံတင်ဖို့ အလားအလာရှိ

  • 8 နိုဝင်ဘာ 2011
U Win Tin
Image caption အန်အယ်ဒီ မှတ်ပုံတင်ဖို့ များတယ်လို့ ဦးဝင်းတင် ဆို

အန်အယ်ဒီ ပါတီ မှတ်ပုံတင်ရေး နဲ့ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ကိစ္စ တွေကို မကြာခင် ဗဟိုကော်မီတီ အစည်းအဝေး ခေါ်ပြီး ဆုံးဖြတ် မယ်လို့ ဗဟို အလုပ် အမှုဆောင် ကော်မီတီဝင် တဦး ဖြစ်တဲ့ ဦးဝင်းတင် က ဘီဘီစီကို ပြောပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းအဝေးမှာ အဲဒီလို သဘောတူ ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အန်အယ်ဒီ ဗဟိုကော်မီတီဝင် ၁၀၀ ကျော် ဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပြီး ကိစ္စရပ် နှစ်ခု လုံးကို အဲဒီ အစည်းအဝေး မှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လိုတဲ့ ဆန္ဒရှိပြီး သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်း လုပ်ဖို့လည်း အားသန် တယ်လို့ ယူဆကြောင်း သူက ပြောခဲ့ပါတယ်။

အခုအခါ အစိုးရဖက်က ပြုပြင်ပြောင်းလဲမှု တွေနဲ့ အများကြီး ပေျာ့ပျောင်း နူးညံ့လာတဲ့ အတွက် မှတ်ပုံတင်ဖို့ အလားအလာ များတယ်လို့လည်း ဦးဝင်းတင်က ဆိုခဲ့ပါတယ်။

အန်အယ်ဒီနာမည်နဲ့ မဟုတ်ဘဲ တခြားနာမည်နဲ့ မှတ်ပုံတင်ဖို့ အစီအစဉ် ရှိတယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ မမှန်ကြောင်းနဲ့ ဒီအဖွဲ့အစည်း ပုံစံအတိုင်းဆက် သွားမယ်လို့ လည်းဦးဝင်းတင်က ပြောသွားခဲ့ပါတယ်။