ဘဏ္ဍာရေး အကြံပေး အဖွဲ့ ဖွဲ့စည်း

  • 8 နိုဝင်ဘာ 2011
Burma currency ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေမှာ ဘဏ္ဍာရေး ကဏ္ဍလည်း ပါ

မြန်မာ နိုင်ငံ အတွင်းမှာ ဘဏ္ဍာရေးနဲ့ အခွန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လေ့လာ အကြံပြုနိုင်ဖို့ အတွက် Think Tank အကြံပေး အဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ဖွဲ့စည်းလိုက် ပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာနက ဖွဲ့စည်း လိုက်တဲ့ အဲဒီ အဖွဲ့ဟာ လိုအပ်တဲ့ အခါတွေမှာ ဘဏ္ဍာရေး ဝန်ကြီးဌာနကို အကြံဉာဏ်တွေ ပေးဖို့ ဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ရပ်တည်မှုတွေကို မူတည်ပြီး အဖွဲ့ရဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်မှု ရှိမရှိဆိုတာ သိရှိနိုင်မယ် လို့ ယူဆကြောင်း အဖွဲ့ဝင် တစ်ယောက် အဖြစ် ထည့်သွင်း ခံရတဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းက ပြောပါတယ်။

အကြံပေး အဖွဲ့ရဲ့ ခေါင်းဆောင် ကတော့ ယခင် မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ အဖွဲ့ထဲမှာ ပုဂ္ဂလိက ဘဏ် ဥက္ကဌတွေ၊ အစိုးရ ဌာန တွေက ဦးဆောင် ညွှန်ကြားရေးမှူးတွေ နဲ့ ပြင်ပက ပညာရှင် တချို့ ပါဝင် ပါတယ်။

အဖွဲ့ ဖွဲ့စည်းပြီးချိန်ကစပြီး အခုချိန် အထိ အဖွဲ့ဝင်တွေ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးတာမျိုး မလုပ်ဖြစ်ခဲ့ သေးဘူးလို့လည်း ဦးမော်သန်းက ပြောပါတယ်။

ဆွေးနွေး မှုတွေ ပြုလုပ်ဖြစ်လာပြီ ဆိုရင် သူ့ အနေနဲ့ကတော့ မြန်မာ နိုင်ငံ စီးပွားရေး ဘဏ္ဍာရေးတို့ အတွက် အရေး ကြီးတဲ့ နိုင်ငံ တကာ ကုန်သွယ်ရေး ဆိုင်ရာ အခြေခံတွေ၊ ငွေလဲလှယ်နှုန်း တသမတ်တည်း ဖြစ်ရေး ကိစ္စရပ် တွေကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ လည်း အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောပါတယ်။