တိုင်းရင်း ဒေသ အခွင့်အရေး ဆက်ချိုးဖောက်

  • 9 နိုဝင်ဘာ 2011
Kachin ဓာတ်ပုံ မူပိုင် KachinNet
Image caption ကေအိုင်အေနဲ့ တိုက်ပွဲ ဖြစ်ပွားရာ နေရာက ဒုက္ခသည် ခလေးငယ်များ

မြန်မာ နိုင်ငံ အရှေ့ပိုင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်လို့ CSW ခရစ်ယာန် သွေးစည်း ညီညွတ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။

အထူးသဖြင့် ကချင် ပြည်နယ် ဘက်မှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆိုးဆိုး ရွားရွား ဆက်ရှိ နေတယ်လို့ CSW (Christian Solidarity Worldwide)က ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဒေသတွေမှာ စစ်တပ်က အရပ်သားတွေကို တိုက်ခိုက် မှုတွေ ဆက်ရှိ နေသလို အဓမ္မ လုပ်အား ပေးခိုင်းတာတွေ၊ ရွာသူ ရွာသားတွေကို တိုက်ခိုက် အဓမ္မ ပြုကျင့် တာတွေလည်း ဆက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ လက မြန်မာ နိုင်ငံ အရှေ့ဘက် နယ်စပ်ကို သွားရောက်ခဲ့တဲ့ CSW က Ben Rogers ဘင်ရော်ဂျာစက ပြောပါတယ်။

အစိုးရ စစ်တပ် ရွာထဲ ဝင်လာပြီး ရွာတွေကို မီးရှို့တယ်၊ နောက် မထင် မထင်သလို ပစ်သတ် တယ်၊ သူတို့ လာရင် ပြေးရတယ်၊ မပြေးတဲ့လူ ဒုက္ခ ရောက်တာပဲလို့ ရွာပုန်း ရွာရှောင် တယောက်ရဲ့ အပြောကို ကိုးကားပြီး ပြောပြပါတယ်။

မြန်မာ နိုင်ငံထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရသူ လေး သိန်းကျော် ရှိနိုင်တယ်လို့ IDP ပြည်တွင်းက နေရပ် စွန့်ခွာ ထွက်ပြေး ရသူများ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ခန့်မှန်းပါတယ်။

ဒီလူ အများစုဟာ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ ထိုင်းမြန်မာ နယ်စပ်က စခန်းတွေမှာ အဆင်ပြေသလို ကြည့်နေကြရပါတယ်။

ဒါပေမယ့် ထောက်ပံ့မှု ပေးနေတဲ့ အဖွဲ့တွေရဲ့ ရံပုံငွေ ရရှိမှု အားနည်းလာတဲ့ အတွက် ရွာပုန်း ရွာရှောင်တွေကို ကူညီ ထောက်ပံ့မှု ပေးနိုင်အားကို ထိခိုက်လာတယ်လို့ CSW က Ben Rogers က ပြောပါတယ်။

အဓိက ကတော့ ထိုင်းမြန်မာ နယ်စပ်က ရွာပုန်း ရွာရှောင်တွေကို အထောက် အပံ့ ပေးနေတဲ့ TBBC ထိုင်းမြန်မာ နယ်စပ် အဖွဲ့ ရတဲ့ ပိုက်ဆံဟာ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်းမှာ တိုးမလာ တဲ့ အပြင် ခုနောက်ပိုင်းမှာ လျော့တောင် လာပါတယ်။

အထူးသဖြင့် အီးယူလို အလှုရှင် အဖွဲ့တွေက ပေးတဲ့ အထောက် အပံ့ နည်းလာတဲ့အတွက် အကျိုးဆက် အားဖြင့် နယ်စပ် အဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို အကူ အညီ အထောက် အပံ့ ပေးမှုတွေကို သိသိသာသာ ဖြတ်တောက် လာရပါတယ်။

ဓာတ်ပုံ မူပိုင် others
Image caption ကရင် ဒုက္ခသည်များ နယ်စပ် ဖြတ်ပြေးရပုံ

ဒီနှစ်မှာ မနှစ်ကထက် နှစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးရပြီး လက်ရှိ အလှုငွေ ရရှိမှုတိုး မလာရင် ရှေ့နှစ်မှာ ဒီနှစ်ထဲ နှစ်ဆယ် ရာခိုင်နှုန်း ထပ်လျှော့ရဖွယ် ရှိတယ်လို့ ဘင်ရော်ဂျာစက တီဘီဘီစီကို ကိုးကားပြီး ပြောပါတယ်။

သူကိုယ်တိုင်လည်း နယ်စပ်မှာ အဟာရ ဆိုးဆိုး ရွားရွား ချို့တဲ့ နေတဲ့ ခလေးတွေကို တွေ့ခဲ့ရပြီး ရွာပုန်း ရွာရှောင်တွေဟာ ခုဆိုရင် ဆန်နဲ့ ဆားပဲ ရရှိကြောင်း၊ အဝတ် အစား၊ စောင်နဲ့ ခြင်ထောင်တွေ မရတာ ၂၀၀၈ ခုနှစ် ကတည်းက ဖြစ်ကြောင်း ပြောပါတယ်။

နယ်စပ် ဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ထိုင်း အခြေစိုက် အမျိုးသမီး အဖွဲ့ချုပ် မြန်မာ နိုင်ငံက တိုင်းရင်းသူတွေကို စစ်တပ်ရဲ့ အဓမ္မ ပြုကျင့်မှု အပါအဝင် တခြား ကျူးလွန်မှုတွေ အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကို မကြာခင်က ထုတ်ပြန် ခဲ့ပါတယ်။

ဒါတွေကို ကြည့်ရင် စစ်တပ်ရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ဦးစီးပြီး စုံစမ်း စစ်ဆေးမှု လုပ်သင့်တာကို ပြနေတယ်လို့ CSW က ပြောပါတယ်။

မြန်မာနိုင်ငံထဲက လူမဆန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်း စစ်ဆေးဖို့ တာဝန် ရှိပြီး လူ့အခွင့် အရေး ကျူးလွန် ဖောက်ဖျက်သူ တွေကို အရေး မယူတဲ့ အစဉ်အလာ ဆက်ရှိနေတာကိုလည်း ထောက်ပြ ဝေဖန် သင့်တယ်လို့ CSW က ပြောပါတယ်။

အစိုးရက အပြောင်းအလဲ ဖော်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ အတိုင်း တကယ်ဖော် ဆောင်အောင် အစိုးရ အနေနဲ့ တာဝန် ရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေ နဲ့လည်း အစိုးရကို ဖိအားပေးဖို့ တာဝန်ရှိတယ်လို့ ဘင်ရော်ဂျာစက ပြောပါတယ်။

အစိုးရ အနေနဲ့ အပြောင်း အလဲတွေကို တကယ် လေးလေး နက်နက် ဖော်ဆောင်ချင်ရင် ခုပြောခဲ့တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ရပ်တန်းက ရပ်ပြီး တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခပ် ရပ်စဲရေး ကြေညာ ရပါလိမ့်မယ်။

မကြာသေးခင်က အစိုးရဆီက ကြိုဆိုချင်စရာ လုပ်ဆောင်ချက် တချို့ ထွက်လာခဲ့ပေမယ့် ခု လုပ်နေသလောက်နဲ့ အနှစ်သာရ ရှိတဲ့ အပြောင်းအလဲ ဖြစ်လာပြီလို့ ပြောလို့ မရကြောင်း၊ ပြောခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရပ်မချင်း မြန်မာ နိုင်ငံမှာ အဓိပ္ပါယ် ရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီလို့ မပြောနိုင်ကြောင်း CSW ပြောခွင့်ရ တာဝန်ခံက ဘီဘီစီကို ပြောပြခဲ့ပါတယ်။