တိုင်းရင်းသား အဖွဲ့တွေနဲ့ ဒေါ်စု တွေ့ဖို့ NCUB တိုက်တွန်း

  • 9 နိုဝင်ဘာ 2011

တိုင်းရင်းသား တွေနဲ့ ဒီမို ကရေစီ အင်အားစုတွေ ပါဝင် ဖွဲ့စည်း ထားတဲ့ NCUB ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ကောင်စီက တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ တောင်းဆို လိုက်ပြီး တိုင်းရင်းသား အဖွဲ့ အစည်း တွေနဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ခေါ်တဲ့ အကြောင်း ထုတ်ပြန် ပြောဆို လိုက် ပါတယ်။

Image caption ငြိမ်းချမ်း ရေး အတွက် ကြားဝင်ဖို့ ဒေါ်စုသာ အသင့် လျော် ဆုံးလို့ NCUB ပြောဆို

နိုင်ငံတည်ငြိမ် တိုးတက်ဖို့ရာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ်ရပ်စဲဖို့ လိုအပ်ပြီး အဲဒီလို ဖြစ်လာရေးမှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင်မှုက အရေးပါတဲ့ အတွက် အဲဒီလို တောင်းဆို ရတာ ဖြစ်တယ်လို့ NCUB အထွေထွေ အတွင်း ရေးမှူး ဦးမောင်မောင်က ပြော ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးကို တကယ် လိုလားတယ်ဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား အဖွဲ့ အစည်း တွေကို တွေ့ဆုံခွင့် ပေးသင့်တယ် လို့လည်း သူက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ အစိုးရ စစ်တပ်ကြားမှာ လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေ အနေ၊ ဖြစ်ပြီး ကာစ အခြေ အနေတွေ ရှိနေတာကြောင့် သူတို့ နှစ်ဦး ချင်းသာ ဆွေးနွေးမယ် ဆိုရင် ဖြစ်သင့် သလောက် ပျော့ပျောင်း နိုင်တဲ့ အနေ အထား မရှိတဲ့ အတွက် အခက် အခဲတွေ ရှိနိုင်တယ်လို့ ဦးမောင်မောင်က သုံးသပ် ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ တို့က တိုင်းရင်းသား အဖွဲ့ အစည်း တွေနဲ့ တရားဝင် ဖြစ်စေ၊ အလွတ် သဘော ဖြစ်စေ တွေ့ဆုံမယ် ဆိုရင် အစိုးရနဲ့ တိုင်းရင်းသား တွေကြား အလျှော့ အတင်း လုပ်နိုင်ကြမှာ ဖြစ်တယ် လို့လည်း သူက ယူဆ ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ ကြားမှာ ကြားဝင် စေ့စပ် ပေးဖို့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်က ထုတ်ဖော် ကမ်းလှမ်း ထားတဲ့ အပြင် သူဟာ အားလုံးက လက်ခံ နိုင်သူ ဖြစ်လို့ အသင့်လျော်ဆုံး သူဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီသာ ဖြစ်တယ်လို့ ဦးမောင်မောင်က ပြောပါတယ်။