မြန်မာ အာဆီယံ ဥက္ကဌဖြစ်ရေး ဘာလီမှာဆွေးနွေးမယ်

  • 11 နိုဝင်ဘာ 2011
အာဆီယံ အတွင်းရေးမှူးချုပ် စူရင်ပစ်စူဝမ်
Image caption အာဆီယံ အတွင်းရေးမှူးချုပ် စူရင်ပစ်စူဝမ်

အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံအပေါင်း ထိပ်သီးစည်းဝေး ပွဲတွေကြောင့် ဒေသတွင်းရော၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ နယ်နမိတ်ဆိုင်ရာ ဖြေရှင်းရေးစတဲ့ အကြောင်းအရာစုံ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မကြာမီက နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အခြေခံလို့ မြန်မာလိုချင်နေတဲ့ ၂၀၁၄ အာဆီယံ အိမ်ရှင်ဖြစ်ရေး ကိစ္စလည်း ခေါင်းဆောင်တွေကြား ဆုံးဖြတ်ရမယ့် အရေးတွေပါဝင်ပါတယ်။

ဒီတော့ အခုလာမယ့်သီတင်းပတ်မှာ ကျင်းပမယ့်ဘာလီ အာဆီယံထိပ်သီး စည်းဝေးပွဲမှာ မြန်မာနိုင်ငံအိမ်ရှင်ဖြစ်ရေး ဆုံးဖြတ်ချက်ထွက်လာမလားဆို တာကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ပြောတာက ၂၀၁၄ အတွက် မြန်မာအိမ်ရှင် ဖြစ်မဖြစ်ဖို့ ဒီဘာလီ ညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ်မလားဆိုတာကို့ မသိပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေက မြန်မာ လျှောက်ထားတာကို လက်ခံထားတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဂရုထား စောင့်ကြည့်ထားတယ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရဲ့ သဘာပတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည်သွားထား၊ လေ့လာထားတာရှိတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ကဘီဘီစီကို ပြောပါတယ်။

တခါ ဒီ ၁၉ကြိမ်မြောက် ဘာလီအာဆီယံထိပ်သီးအစည်းအဝေးမှာတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကြေညာချက်အသစ်ထုတ်ဖို့ရယ်၊ အစီရင်ခံစာထုတ်ဖို့ရယ်လည်း ရှိပါတယ်။ ဂျာကာတာကလာတဲ့သတင်းတွေအရတော့ အာဆီယံထိပ်သီးအစည်းအဝေးအတွက်ကို ရဲအရာရှိ ၂၃၀၀ နဲ့ လုံခြုံရေးကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။