မြန်မာ ကို လက်တွဲဖို့ အသင့် လို့ ကလင်တန်ပြော

  • 11 နိုဝင်ဘာ 2011

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာ နိုင်ငံတွင်း လက်ရှိ အပြောင်း အလဲတွေ ကနေ ပိုမို တိုးတက်မှု တွေ ရှိလာရင် မြန်မာကို Partner အဖြစ် လက်တွဲ လုပ်ဆောင် သွားဖို့ အသင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောလိုက် ပါတယ်။

မြန်မာ နိုင်ငံ အတွင်း ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှု တွေနဲ့ လူ့ အခွင့် အရေး တိုးတက် ကောင်းမွန် လာဖို့ အမေရိကန်က အစဉ် တစိုက် တောင်းဆို လာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လတ်တလော မြန်မာ နိုင်ငံ တွင်းမှာ နိုင်ငံရေး တိုး တက်မှု တချို့ကို အမေ ရိကန် သတိ ပြုမိ

နှစ်ပေါင်း များစွာ အတွင်း အပြောင်း အလဲ တချို့ကို အခု ချိန်မှာ စတင် တွေ့နေ ရပြီ ဖြစ်ပေမဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားခြင်း ကတော့ မေးစရာ ဖြစ်နေ တယ်လို့ အမေရိကန် ပြည်ထောင်စု ဟိုနို လူလူမှာ ကျင်းပမယ့် APEC အာရှနဲ့ ပစိဖိတ် စီးပွားရေး ပူးပေါင်းမှု အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရေရှည် ခံတဲ့ ပြုပြင် ပြောင်းလဲမှု၊ တိုင်းရင်းသား နယ်မြေ တွေမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကို တိုးချဲ့ လုပ်ဆောင်ဖို့ လိုသေးတယ် လို့ မစ္စစ် ကလင်တန်က ပြော ပါတယ်။

မြန်မာ နိုင်ငံ အပေါ် အပြု သဘော တုံ့ပြန် မှုတွေ ပြုလုပ်ဖို့ စဉ်းစား နေတဲ့ အမေရိကန်က အခု သုံးလေးလ အတွင်း မြန်မာ နိုင်ငံ အတွင်းမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တချို့ ရှိတာကို အသိ အမှတ်ပြုတာ တွေ့ရ တယ်လို့ ပြည်ထောင်စုမြန်မာ နိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရ ရဲ့ ကုလ သမဂ္ဂ ရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

အခုဆိုရင် USAID ဆိုတဲ့ အမေရိကန် ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ် အရ ဆင်းရဲ မွဲတေမှု ပပျောက်ရေးနဲ့ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ တိုးတက်မှု အတွက် လယ်သမား တွေကို အသေးစား ချေးငွေ ထုတ်ပေးရာမှာ အကူအညီ တိုးမြှင့် ပေးရေး ဆွေးနွေးတာ ရှိပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စိပ် လာတာ တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ပိတ်ဆို့ အရေး ယူမှုကို ပယ်ဖျက် ပေးဖို့ လိုလား နေတဲ့ မြန်မာ အစိုးရ အနေနဲ့ နောက်ကြောင်း ပြန်မလှည့်တဲ့၊ ဒီမိုကရေစီ ရေးကို ရှေ့ရှုတဲ့ ပြုပြင် ပြောင်းလဲမှု တွေ ဆက်လုပ် လာမယ် ဆိုတာ ယုံကြည်နိုင် လောက်အောင် လုပ်ဖို့ လိုတယ်၊ နိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ် တွေမှာ ပါဝင် နိုင်အောင် နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ကို ချွင်းချက် မရှိ ပြန်လွှတ် ပေးဖို့နဲ့ တိုင်းရင်းသား ဒေသ တွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အမေရိကန် ဘက်ကတိုက်တွန်း နေတာ ရှိတယ်လို့ လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။