တစ်ခြောက်လုံးနေ့ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

  • 12 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တစ်ခြောက်လုံးစုံတဲ့ ရန်ကုန်မြို့ရဲ့ ညအချိန်မှာ မီးရောင် အလှတွေဆင်ယင်ခဲ့

'၁' ခြောက်လုံးစုံတဲ့ ၁၁-၁၁-၂၀၁၁၊ သောကြာနေ့မှာ Eleven Media Group ကနေ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား တခုကိုရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို လူမှုအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူ ၇၀၀ကျော် တက်ရောက်ခဲ့ကြသလို၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

Weekly Evleven ဂျာနယ် အယ်ဒီတာ ကိုဝေဖြိုးက ဒီအခမ်းအနားဟာ ၂၀၁၁ ခုနှစ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားဖြစ်တယ်လို့ ပြောပါတယ်။

Image caption လွှတ်တော်ဥက္ကဌက သဝဏ်လွှာပေးပို့ခဲ့တာဟာ အပြုသဘောဆောင်တယ်လို့ ပြော

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တွေရဲ့ မိသားစုတွေပါ တက်ရောက်တဲ့ ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သဝဏ်လွှာ ပေးပို့ခဲ့တဲ့အတွက် ဒါဟာ ပြုပြင်ပြောင်းလဲမှု တခုအနေနဲ့ ယေဘုယျ ပြောလို့ရကြောင်း အခမ်းအနားကို တက်ရောက် ခဲ့တဲ့ Generation Wave အဖွဲ့မှ ကိုဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။

ဒီအခမ်းအနားမှာ ' ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ' ဆိုတဲ့ စကားရပ် အပြင် 'နိုင်ငံရေးအကျဉ်းသား'ဆိုတဲ့ စကားရပ်ကိုပါ ပေါ်ပေါ်ထင်ထင် ထည့်သွင်း သုံးစွဲခဲ့ ကြောင်း သူကပြောပါတယ်။

အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ မိခင်ဖြစ်သူကလည်း အခမ်းအနား တက်ရောက် ပြီး စကားပြောခဲ့ပါတယ်။