လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်

  • 12 နိုဝင်ဘာ 2011
Forced Labour ဓာတ်ပုံ မူပိုင် chro chin
Image caption အဓမ္မအလုပ်စေခိုင်းမှုတွေ ရှိခဲ့လို့ ပြော

မြန်မာနိုင်ငံမှာ ဒီနှစ်ဆန်းကစလို့ အစိုးရသစ်တက်လာပေမယ့် လူ့အခွင့် အရေးအခြေအနေတွေကတော့ တိုးတက်မှု မရှိသေးဘူးလို့ လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) က အစီရင်ခံစာ တစ်စောင်မှာ ထောက်ပြလိုက် ပါတယ်။

၂၀၁၁ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိုင်းအခြေစိုက် ဒီအဖွဲ့ကနေ မှတ်တမ်းတင် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလအတွင်း နိုင်ငံတဝန်း လူ့အခွင့်အရေး ချိုးဖောက်မှု ၂၆၁ ခု ကို မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မ အလုပ်စေခိုင်းမှုနဲ့ ပစ္စည်း သိမ်းယူမှုတွေ ပါဝင်ပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အထူးသဖြင့် စစ်မက် ဖြစ်ပွားရာ တိုင်းရင်းသား ဒေသတွေမှာ ပိုပြီး ဖြစ်ပွားနေတယ်လို့ ဒီအဖွဲ့က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုထွန်းဇော်က ပြောပါတယ်။

ဒီလို စာရင်းပြုစုတာဟာ ကုလသမဂ္ဂ ဘက်ကနေ စုံစမ်း စစ်ဆေးမှုတွေ လုပ်နိုင်အောင် အထောက်အကူ ဖြစ်ဖို့လည်း ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။