ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပုံရှိ

  • 12 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် ap
Image caption NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို နိုဝင်ဘာလ ၁၈ရက်နေ့မှာ ဆွေးနွေးဖို့ရှိ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ဖို့ အလားအလာ ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်မယ့်ပုံ ရှိတယ်လို့ NLD ဗဟို အလုပ်အမှုဆောင်လည်း ဖြစ် NLD ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို ပါတီတွင်း ဆွေးနွေးဖို့ ရက်ပိုင်း အလိုမှာပဲ ဦးဉာဏ်ဝင်းက အခုလို ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေမှာ အားလုံး ပါဝင်သင့်တယ်လို့ မြင်တာကြောင့် NLD အနေနဲ့ရော၊ ဒေါ်အောင်ဆန်း စုကြည်ပါ ပါဝင်သွားဖို့ ရှိကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှု ရနိုင်မယ့် အခြေအနေ ရောက်မှ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဘယ်တော့မှ ဝင်ဖြစ်မယ် ဆိုတာ မသေချာကြောင်း၊ ဒါ့ကြောင့် လုပ်နိုင်တဲ့ နေရာကနေ စလုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ် မဲဆန္ဒနယ်မြေကနေ ဝင်ပြိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကသာ စဉ်းစား ဆုံးဖြတ်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိအခြေအနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ်တော်မှာ အများစုနေရာ ရထားပြီးသား ဖြစ်တာမို့ NLD အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် လွှတ်တော်မှာ လုပ်ပိုင်ခွင့် သိပ်မရနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ မြန်မာပြည်သား တိုင်းရင်းသား တွေပဲ ဖြစ်ပြီး မြန်မာပြည်ကောင်းစားရေးကို ဦးတည် သလို NLD ကလည်း မြန်မာပြည် ကောင်းစားရေးကို ဦးတည်နေတာမို့ ဦးတည်ချက်ချင်းတူတဲ့ အရေးကြီးတဲ့ အချက်တွေကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။