အစိုးရနဲ့ ကေအန်ယူ မကြာခင် ဆွေးနွေးတော့မယ်

  • 13 နိုဝင်ဘာ 2011
Image caption တတိုင်းပြည်လုံးဆောင်တဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်လို့ KNU ပြော

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား မကြာခင် ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်တယ်လို့ KNU ဘက်က ပြောပါတယ်။

KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ဝင် တချို့နဲ့ မြန်မာအစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မကြာခင်မှာ တွေ့ဆုံကြမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဘယ်တော့လောက် တွေ့ကြမယ်ဆိုတာကိုတော့ KNU ဘက်က အတိအကျ ပြောဆိုခြင်း မရှိပါဘူး။

အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကြတဲ့အခါ ဝန်ကြီးဦးအောင်မင်းဘက်က ဘာပြောမယ် ဆိုတာကို နားထောင်ပြီး၊ သူတို့အနေနဲ့ တပ်ပေါင်းစုနဲ့ ဆွေးနွေး ချင်လာအောင် လုပ်မှာ ဖြစ်တယ်လို့ KNU ဒုတိယဥက္ကဌ ပဒို စောဒေးဗစ်သာကပေါက ပြောပါတယ်။

KNU က တဖွဲ့ချင်းအနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ မဟုတ်မှန်ကြောင်းနဲ့၊ KNU ဟာ တပ်ပေါင်းစု အနေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တဖွဲ့ချင်းအနေနဲ့ ခေတ်အဆက်ဆက် ဆွေးနွေးခဲ့ရာမှာ၊ အကျိုးမရှိခဲ့တဲ့အတွက် အခုလက်ရှိ တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ တိုင်းရင်းသားများ ညီညွတ်ရေး ဖက်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ လိုအပ်တာ ဖြစ်ကြောင်း စောဒေးဗစ်သာကပေါက ဆိုပါတယ်။

ဆွေးနွေးတဲ့အခါကျရင်လည်း တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှာဖြစ်တယ်လို့ သူကပြောပါတယ်။

အရင်မြန်မာအစိုးရတွေနဲ့ ဆွေးနွေးရင်း၊ ဆွေးနွေးပွဲတွေ ရပ်ဆိုင်း သွားခဲ့ဖူးတာကြောင့် အခုတခါမှာတော့ KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က၊ ဆွေးနွေးပွဲ မရပ်သွားအောင် ထိန်းကျောင်းသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။