ငြိမ်းချမ်းရေးအတွက် အာဆီယံအမတ်တွေတိုက်တွန်း

  • 14 နိုဝင်ဘာ 2011
Asean ဓာတ်ပုံ မူပိုင် Reuters

မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံ အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ထူထောင် နိုင်အောင် ကြိုးစား လုပ်ဆောင် သင့်တယ်လို့ မြန်မာ့ အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ AIPMC ကနေ အာဆီယံ ကိုယ်စားလှယ် တွေကို တိုက်တွန်း လိုက်ပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဒေသတွင်း အစည်းအဝေး တွေကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်ထိ ကျင်းပဖို့ ရှိပြီး အဲဒီ မတိုင်ခင် ရက်ပိုင်း တွေ မှာလည်း အာဆီယံ အဆင့်မြင့် အရာရှိ အစည်းအဝေး တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးတွေ ရှိနေပါတယ်။

အဲဒီအချိန်ကြရင် မြန်မာပြည်က ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတို့ ပဋိပက္ခဖြစ်နေတာ မဖြေရှင်း နိုင်သေး တာတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ AIPMC အာဆီယံ အမတ်တွေက တိုက်တွန်း လိုက်တာပါ။

မြန်မာပြည်မှာ ရွေးကောက်ပွဲလုပ်ခဲ့တာ အခုဆိုရင် တစ်နှစ်ရှိ လာပေမယ့် မြန်မာပြည်မှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ အခြေအနေတွေက တိုးတက်မလာသေးဘူး။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ အခွင့် အရေး တွေ လူ့အခွင့် အရေးတွေ မခံစား နိုင်ကြ သေးပါဘူးလို့ AIPMC အဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှား ပါလီမန်အမတ် မစ္စ လီလီ ဝါဟစ်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး အခု ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ၂၀၁၄ မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိုလည်း ဆွေးနွေးဖွယ် ရှိတာမို့ ဒီအခြေ အနေကို အခွင့်ကောင်း တစ်ရပ်အဖြစ် ရယူပြီး မြန်မာပြည်မှာ လက်ဆုတ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ အမြန် ဖြစ်လာ အောင် ပြောဆို စည်းရုံးကြဖို့ AIPMC က တိုက်တွန်း ထားပါတယ်။