မြစ်ကြီးနား ဗုံးကွဲမှု သေဆုံးသူ ၁၀ ယောက်ရှိပြီ

  • 14 နိုဝင်ဘာ 2011

မြစ်ကြီးနား မြို့ ဝန်ထမ်း အိမ်ရာ တွေနဲ့ ကားကြီးဝင်း အနီး သီတာ ရပ်ကွက်မှာ တနင်္ဂနွေနေ့ ည ၉ နာရီကျော်က ဗုံး ပေါက်ကွဲ ခဲ့ရာက မီး ဆက်လက် လောင်ကျွမ်း ခဲ့တဲ့ အတွက် သေဆုံးသူ ၁၀ ယောက် ရှိသွားပြီလို့ နေအိမ် မီးလောင် ခံလိုက်ရသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

Image caption ကချင် ဒေသတွင်း တိုက်ပွဲ တွေကြောင့် ထွက်ပြေး ကြသူ ဒုက္ခသည် တွေလည်း ရှိနေ

ဒဏ်ရာရသူ ၁၀ ယောက် လောက် လည်း မြစ်ကြီးနား ဆေးရုံ မှာ ကုသမှု ခံယူ နေကြ ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေရာ တဝိုက်ကို တနင်္လာနေ့ မနက်က ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးဘဲ လုံခြုံရေး တွေ ချထား တယ်လို့လည်း သိရ ပါတယ်။

မီးလောင်ခံရတဲ့ နေအိမ် သုံးလုံး စလုံးဟာ လူနေထိုင်လို့ မရ တော့အောင် ပျက်စီး သွားကြတဲ့ အတွက် တနင်္ဂနွေနေ့ ညက လမ်းတွေ ပေါ်မှာ နေခဲ့ကြရ တယ်လို့ ပြော ပါတယ်။

အစိုးရ ထိန်းချုပ်တဲ့ သတင်းစာ တွေထဲ မှာတော့ ဗုံးပေါက်ကွဲ မှုတွေ ဖြစ်ခဲ့တဲ့ အကြောင်း ထုတ်ပြန်ခဲ့ ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရတာ၊ သေဆုံးတာ မရှိဘူးလို့ ပြော ပါတယ်။

ဗုံးကွဲတဲ့ နေရာမှာ နေထိုင် ကြသူတွေ ကတော့ မီးလောင်တဲ့ နေရာ ကနေ အလောင်း တွေကို သယ်ထုတ် သွားတာ၊ ကြက်ခြေနီ ကားတွေနဲ့ လူနာ တွေကို တင်ဆောင်ပြီး ဆေးရုံ ခေါ်သွားတာ တွေကို မျက်မြင် တွေ့လိုက် ကြရတယ်လို့ ဆိုပါတယ်။

မီးလောင် ခံရသူ မိသားစုတွေ ဆီကို ပြည်နယ် ဝန်ကြီးချုပ်ရော၊ ခရိုင်နဲ့ မြို့နယ် အဆင့် အာဏာပိုင် အဖွဲ့ အစည်း တို့က တာဝန် ရှိသူတွေ လာရောက် တွေ့ဆုံပြီး အားပေး စကား ပြောခဲ့ကြတဲ့ အပြင် မီးလောင် ခံရတဲ့ အိမ်တွေမှာ လူ ဘယ်နှစ်ယောက် ကျန်သေးတယ် ဆိုတာ စာရင်း ကောက်ယူ သွားတယ်လို့ သူတို့နဲ့ ကိုယ်တိုင် တွေ့လိုက် ရသူက ပြန်ပြောပြ ပါတယ်။

လောလောဆယ် မှာတော့ အာဏာပိုင်တွေ ဘက်က တစုံတရာ အကူအညီ ပေးတာ မရှိသေးဘူးလို့ လည်း သူက ပြောပါတယ်။

ဗုံးဖောက် ခွဲခဲ့မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်း နေပေမဲ့ ခုချိန်ထိ တော့ ဘယ်သူ့ လက်ချက် ဆိုတာ မသိရသေး ပါဘူး။

မိဘမဲ့ ကလေးတွေ အပါအဝင် ကလေး အများအပြား ရှိနေတဲ့ ကချင်ရိုးရာ သိုင်းဆရာ ဦးဒီယောင် တန်ငွန်းရဲ့ အိမ်မှာ တနင်္ဂနွေ ညက ဗုံး တစ်လုံး စတင် ပေါက်ကွဲ ခဲ့ပြီး သေကြေ ဒဏ်ရာရသူ အများစုဟာ အဲဒီအိမ်က ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီအိမ်ကနေ တဆင့် ဘေးကပ်လျက်က လောင်စာဆီ လှောင်ထားတဲ့ လောပန်း အိမ်နဲ့ နောက် တစ်အိမ်ကို အရှိန် ပြင်းပြင်း မီး ဆက်ကူး ခဲ့တာလို့ နောက်ဆုံး လောင် ခဲ့တဲ့ အိမ်က အိမ်ရှင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။