မြစ်ကြီးနား ပေါက်ကွဲမှု လူသေကျေမှုများ

  • 14 နိုဝင်ဘာ 2011
Myitkyina
Image caption ကချင်ပြည်နယ် မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ တနင်္ဂနွေနေ့ည ၈ နာရီကျော်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး သေကျေ ထိခိုက်မှုတွေ ရှိတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

မြို့တွင်းက ကားကြီးဝင်းအနီး သီတာ ရပ်ကွက်မှာ ပေါက်ကွဲတာ ဖြစ်ပြီး ကနဦး သတင်းတွေအရ လူ အနည်းဆုံး ၄ ဦး သေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုပါတယ်။

ဒဏ်ရာရသူတွေလည်း ၂၀ နီးပါး ရှိကာ သူတို့ကိုတော့ မြစ်ကြီးနား ဆေးရုံ တင်ထားတယ်လို့ သိရပါတယ်။

ကချင်ရိုးရာ သိုင်းဆရာ ဦးဒီယောင် တန်ငွန်းရဲ့ အိမ်မှာ စတင်ပေါက်ကွဲတာ ဖြစ်ပြီး အဲဒီအိမ်မှာ မိဘမဲ့ကလေးတွေအပါအဝင် ကလေးအများအပြား ရှိနေတဲ့ အိမ်ဖြစ်ပြီး သေကြေဒဏ်ရာရသူ အများစုဟာ အဲဒီအိမ်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအိမ်မှာ ပေါက်ကွဲပြီးနောက် ဘေးနားမှာ ရှိတဲ့ လောင်စာဆီ လှောင်ထားတဲ့ လောပန်း အိမ်နဲ့ နောက်တစ်အိမ်ကို အရှိန်ပြင်းပြင်းနဲ့ မီးလောင်ခဲ့တယ်လို့ နောက်ဆုံးလောင်ခဲ့တဲ့ အိမ်က အိမ်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနက်လင်းအားကြီးထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။

မြို့အပြင်ပိုင်းမှာလည်း ပေါက်ကွဲမှု ဖြစ်တဲ့အသံ ကြားရပြီး အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။