အာဆီယံ ဥက္ကဌနေရာ မြန်မာရဖို့ နိုင်ငံခြားရေး ဝန်ကြီးတွေ ထောက်ခံ

  • 15 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအရှိန်ကို ဆက်ထိန်း သွားဖို့ လိုတယ်လို့ နာတလီ ဂါဝါက ပြော

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အင်္ဂါ နေ့က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌနေရာ မြန်မာနိုင်ငံရရေး လျှောက်ထားချက် အပေါ် အဖွဲ့ဝင်နိုင်ငံတွေ ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ထောက်ခံ ခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အစည်းအဝေး အပြီး မှာ သတင်းထောက်တွေကို ပြောကြားလိုက် ပါတယ်။

အာဆီယံ ဥက္ကဌ နေရာ မြန်မာနိုင်ငံ ရလာမယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ တခြား အာဆီယံ နိုင်ငံများနည်းတူ အာဆီယံအဖွဲ့အစည်းတွင်းမှာလည်း တာဝန်ရှိတဲ့ အဖွဲ့ အစည်းတရပ် အနေနဲ့ ဆောင်ရွက်နိုင်မယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာလည်း တာဝန်ကျေပြွန်တဲ့၊ တာဝန် ယူနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် တရားဝင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မယ်လို့ ထင်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။

တခါ နိုင်ငံခြားရေး ဝန်ကြီးတွေ အကြား ပြောဆို ဆွေးနွေးခဲ့မှုတွေအရ မြန်မာနိုင်ငံမှာ လတ်တလော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ထင်ထင်ရှားရှား ရှိနေတယ် ဆိုတာကို အဖွဲ့ဝင်အားလုံးက လက်ခံကြတယ်လို့ လက်ရှိ အာဆီယံ ဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတလီ ဂါဝါကလည်း ပြောပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အနေနဲ့ ဒီအပြောင်းအလဲ အရှိန်ကိုတော့ ထိန်းရမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဥက္ကဌ နေရာ မြန်မာနိုင်ငံကို ပေးမပေး အတည်ပြု ဆုံးဖြတ် ချက်ကိုတော့ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်မယ့် အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲမှာ ဆုံးဖြတ်ဖွယ် ရှိပါတယ်။