နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2011 - 08:28 GMT

မဟာမြတ်မုနိ ဘုရား မှာ သံဃာတွေ ဆန္ဒပြ

Mandalay

အာဏာပိုင်တွေ က မီးဖြတ်တော့ လူတွေက မီးစက် မောင်းဖို့ လောင်စာဆီ လာပို့ ကြ

မဟာမြတ်မုနိ ဘုရားကြီး ဝင်း အတွင်း က မဟာ ဗုဒ္ဓဝင် ဗိမာန်တော် မှာ အင်္ဂါနေ့ မနက် က စလို့ သံဃာတော် ၅ ပါး ဆန္ဒပြ ခဲ့ကြ ပါတယ်။

မနက် စောစောပိုင်း အချိန် ၆နာရီ လောက် မှာ သံဃာတော် တွေ က မဟာ ဗုဒ္ဓဝင် ဗိမာန်တော် ကို ဝင်ရောက် ကာ အဆောက်အဦ ကို ပိတ်လိုက်ပြီး ငြိမ်းချမ်းရေး၊ လွတ်လပ်မှု နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး တို့ ကို တောင်းဆို တဲ့ ပိုစတာတွေကို ဗိမာန်တော် ရဲ့ အပေါ်ထပ်မှာ ချိတ်ဆွဲ ပြီး ဆန္ဒပြ ခဲ့ကြတာပါ။

သံဃာတော် တွေ ဟာ ဗိမာန်တော် အပေါ်ထပ် ဝရံတာ ကနေ အသင့်ယူဆောင်လာတဲ့ အသံချဲ့စက် နဲ့ မိုက်ကရိုဖုန်း တွေကို အသုံးပြုပြီး စုဝေး လာတဲ့ လူစုလူဝေး ကို သူတို့ ဆန္ဒပြ ကြတဲ့ အကြောင်း တွေကို ရှင်းလင်း ပြောပြ ခဲ့ကြပါတယ်။

သူတို့ထဲက သံဃာတော် တပါး ဖြစ်တဲ့ အရှင် သောပါက ဟာ ဂျာမဏီ နိုင်ငံ မှ နိုင်ငံရေး ခိုလှုံခွင့် ရရှိထား သူတဦး ဖြစ်ပြီး ပြည်ပ မှာ အခြေစိုက် နေထိုင် နေတဲ့ သံဃာတော် တပါး ဖြစ်ပါတယ်။

ဒီ သံဃာ့ ဆန္ဒပြပွဲ ကို စုဝေးလာတဲ့ လူတွေ ရဲ့ အရေအတွက် က ၁၀၀၀ လောက် ရှိလာ ခဲ့တယ်လို့ လည်း သိရ ပါတယ်။

ငြိမ်းချမ်းရေး လိုလားသော သံဃာတော်များ အဖွဲ့ အမည်ခံပြီး ဆန္ဒပြနေကြတဲ့ ဒီရဟန်းတော် တွေကို နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ဝင်တွေ နဲ့ အတူ အာဏာပိုင် တွေ လာရောက်ညှိနှိုင်း ဆွေးနွေး ခဲ့ကြ ပေမယ့် သံဃာတော် တွေ က ဆန္ဒပြ တာ ကို မရပ်ဆိုင်း ခဲ့ပါဘူး။

သူတို့ ရှိနေတဲ့ ဗိမာန်တော် ကို သက်ဆိုင်ရာ အာဏာပိုင် တွေ က လျှပ်စစ်မီး ဖြတ်တောက်ခဲ့ ပေမယ့်လည်း စုဝေးလာတဲ့ လူတွေ ထဲ က သံဃာတော် တွေ မီးစက် မောင်း နိုင် အောင် ကူညီ ခဲ့ကြပါတယ်။

မန္တလေး မစိုးရိမ်ကျောင်းတိုက် က ဆရာတော် တပါးက အဲဒီ ဆန္ဒပြပွဲ နေရာ ကို လိုက်လာပြီး မစိုးရိမ် ကျောင်းတိုက် ကို လိုက်ခဲ့ကြပါ၊ အဲဒီမှာ ငြိမ်းချမ်းရေး တရား တွေ ဟောမယ် ဆိုရင်လည်း ဟောခွင့်ပြု ပါတယ် လို့ လာရောက် ဖျောင်းဖျ ဖိတ်ခေါ် တဲ့ အတွက် ဆန္ဒပြ သံဃာတော် တွေ ဆရာတော် နဲ့ အတူ မွန်းလွဲ ၃ နာရီ ခွဲ လောက်မှာ မစိုးရိမ် ကျောင်းတိုက် ကို လိုက်ပါ သွားခဲ့ ကြတဲ့ နောက် ဆန္ဒပြ ပွဲ အေးအေး ချမ်းချမ်း နဲ့ ပြီးဆုံး သွားပါတယ်။

ဆန္ဒပြ သံဃာတော် တွေ အနေနဲ့ သူတို့တောင်းဆိုတဲ့ အကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး တနေ့ ကို တနာရီ တရားဟောခွင့် နဲ့ သူတို့ တောင်းဆိုချက်တွေ ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ ကို တင်ပြ ပေးမယ် ဆိုတဲ့ ကတိ ကို ရထား ကြောင်းလည်း သိရပါတယ်။

အခု သံဃာတော် တွေ ဆန္ဒပြပွဲ နဲ့ ပတ်သက်လို့ အာဏာပိုင် တွေ ဘက် က ရဲ တပ်ဖွဲ့ တွေ စေလွှတ် ခဲ့ပေမယ့် အကြမ်းဖက် ဖြေရှင်းတဲ့ ပုံမျိုး မလုပ်ခဲ့ဘူး လို့လည်း သိရ ပါ တယ်။

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ကြီး နောက်ပိုင်း သံဃာတွေ ရဲ့ ဆန္ဒပြ တောင်းဆိုမှု ဟာ ပထမဆုံး ပြန်ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။