မွန်ပြည်သစ်နဲ့ အစိုးရကြား အပစ်ရပ်ရေး ဆွေးနွေး

  • 15 နိုဝင်ဘာ 2011
Image caption မွန်ပြည်သစ်ပါတီဖက်က အပစ်ရပ်ရေး အကြောင်းမပြန်သေး

အပစ်အခတ် ရပ်စဲဖို့ မွန်ပြည်နယ် အစိုးရက စေလွှတ်လိုက်တဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့ နဲ့ မွန်ပြည်သစ် ပါတီတို့ မွန်ပြည်သစ် ပါတီ ဗဟို စခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်နယ် အစိုးရ ဖက်က ဆွေးနွေးလိုတဲ့ အချက်၄ ချက်က အပစ်အခတ် ရပ်စဲရေး သဘောတူရေး၊ တပ်ဖွဲ့တွေ နေရာ ချထားရေး၊ မွန်ပြည်သစ် ပါတီအတွက် ဆက်ဆံရေးရုံးနေရာ ထားရှိရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် နောက်တဆင့် ဆွေးနွေးရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။

မွန်ပြည်သစ် ပါတီဖက်က တော့ ဒီကိစ္စအတွက် အဖြေကို ဒီဇင်ဘာလမှာ ကျင်းပမယ့် ဗဟို ကော်မီတီ အစည်းအဝေးမှာ တင်ပြ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်လို့သာ အဖြေပေး ထားတယ်လို့ မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့တုန်းကလည်း ရေးမြို့မှာ မွန်ပြည်သစ် ပါတီနဲ့ ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ မဟုတ်ပဲ မွန်ပြည်သစ် ပါတီရဲ့ တွေ့ဆုံ ဆွေးနွေးရေးမူ ဖြစ်တဲ့ တဖွဲ့ချင်းထက် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့သာ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတဲ့မူကို သွားရောက် တင်ပြခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီ ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် နိုင်တလညီ က ပြောပါတယ်။

မွန်ပြည်နယ် အစိုးရ အခု လွှတ်လိုက်တဲ့ စေ့စပ်ရေး ကိုယ်စားလှယ်တွေကို ကျိုက်မရော မြို့နယ် ကော့ပလို ကျေးရွာ ဆရာတော်က ဦးဆောင်ပြီးတော့ မွန်ပြည်သစ် ပါတီ ဖက် ကတော့ ပါတီ ဗဟို အလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်၊ ဗဟို ကော်မီတီဟောင်း နိုင်စိုးမြင့်၊ အဖျက်သိမ်းခံထားရတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ နိုင်သက်လွင်နဲ့ နိုင်ကြည်ဝင်းတို့ ပါဝင်ပါတယ်။