မြန်မာ အာဆီယံဥက္ကဌဖြစ်ရေး နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ

  • 16 နိုဝင်ဘာ 2011
Image caption အာဆီယံ ထပ်သီး ညီလာခံ ကြာသပတေး နေ့မှာ စတင်မှာ ဖြစ်

မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ နေရာ ပေးဖို့အတွက် အဖွဲ့ဝင် နိုင်ငံ အကြီးအကဲ တွေက ထောက်ခံပေးရေး အတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ က ပြောကြားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး အပြီး မစ္စတာ နာတာလီဂါဝါ က အခုလိုပြောကြားလိုက်တာ ဖြစ် ပါတယ်။

ဒါပေမယ့်လည်း ကြာသပတေးနေ့ အာဆီယံ ထိပ်သီး အစည်းအဝေး စတင်တဲ့ အခါမှ အာဆီယံနိုင်ငံ တွေရဲ့ အကြီးအကဲ တွေ က တရားဝင် ထောက်ခံ အတည်ပြုပေးမှာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမစခင် ကတည်းက ဒေသတွင်း စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို သက်ဆိုင်ရာ ဝန်ကြီးတွေက ဆွေးနွေးမှုတွေ ပြုလုပ် နေကြတာ ဖြစ်ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန် ကတော့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဘာလီကျွန်းကို ရောက်ရှိလာပါတယ်။

အခုနှစ် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ အာဆီယံဥက္ကဌ ဖြစ်ရေး ကိစ္စ အပြင် တခြား ထင်ရှားတဲ့ ကိစ္စရပ်တခုကတော့ တောင်တရုတ်ပင်လယ်က ကျွန်းစုတွေနဲ့ ပတ်သက်ပြီး အငြင်းပွား နေကြတဲ့ ကိစ္စ ဖြစ်ပါ တယ်။

အဲဒီတောင်တရုတ်ပင်လယ် ကိစ္စရပ်ကိုလည်း သံတမန်နည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် မယ့် နည်းလမ်းတွေကို အခု ထိပ်သီးအစည်းအဝေးကနေ ချမှတ်နိုင်မှာ ဖြစ်တယ် လို့လည်း မစ္စတာ နာတာလီဂါဝါ က ပြောပါတယ်။