နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2011 - 17:53 GMT

မန္တလေး ဆန္ဒပြသံဃာတွေ တရားထပ်ဟော

ငြိမ်းချမ်းရေး အတွက် သံဃာတော် တွေ ဆန္ဒပြ

မဟာမြတ်မုနိ ဘုရား မဟာဗုဒ္ဓဝင် ဗိမာန်တော် ပေါ်မှာ ဆန္ဒပြခဲ့ကြတဲ့ သံဃာ ၅ ပါးဟာ ဗုဒ္ဓဟူးနေ့ က မစိုးရိမ် တိုက်ဟောင်းမှာ တရားဟောခွင့် ရခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ တနာရီက မစိုးရိမ် တိုက်ဟောင်း အတွင်းမှာရှိတဲ့ သုတ္တန္တန ယူပဒေသ ကျောင်းရှေ့ ကွင်းပြင်မှာ ဆန္ဒပြ ဆရာတော် ၅ ပါးထဲက ဦးသောပါက ကနေ သူတို့ တောင်းဆိုခဲ့တဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက် တဲ့ အချက်တွေကို တနာရီလောက် ဟောပြောခဲ့ ပါတယ်။

ဒီဟောပြောပွဲကို လူ ၂၀၀ လောက်နဲ့ သံဃာတော် ၅၀၀ လောက် တက်ရောက်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးအတွက် သမ္မတထံ လက်မှတ် ရေးထိုး တင်ပြမယ်လို့ လည်း သိရပါတယ်။

သံဃာ့ မဟာနာယက ဆရာတော်တွေ အနေနဲ့ ဒီလက်မှတ်ရေးထိုး တောင်းဆိုထားချက်တွေ ကို သမ္မတထံ တင်ပြပေးမယ်လို့ ပြောကြောင်း၊ ဆန္ဒပြ သံဃာတော် ဦးမာဃ က ဘီဘီစီ ကို ပြော ပါတယ်။

ဒီဟောပြောပွဲမှာ အာဏာပိုင်ဘက်က အရပ်ဝတ်တွေနဲ့ စောင့်ကြည့် သတင်းယူတာ ရှိပေမယ့် အနှောင့်အယှက် ပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဟောပြောပွဲပြီးနောက် မစိုးရိမ် တိုက်ဟောင်းနဲ့ တိုက်သစ်က နာယက ဆရာတော်တွေရဲ့ မစိုးရိမ် စာသင်တိုက် မှာ ဆက်လက် မနေဖို့ မေတ္တာရပ်ခံချက်အရ ဆန္ဒပြ ကိုယ်တော် တွေ ဟာ မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက်မုခ် နားက ပိဋကပါလ ရေတော်တိုက် ကို ရွှေ့လာခဲ့ရ ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။