ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ထောင်ပြောင်း

  • 16 နိုဝင်ဘာ 2011

ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက် ဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ပူတာအို ထောင် ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ သိရပါတယ်။

Image caption ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ကျန်းမာရေး မကောင်း ဖြစ်နေတယ်လို့လည်း သိရ

ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို ဗုဒ္ဓဟူးနေ့က ပူတာအို အကျဉ်းထောင် ကနေ ခေါ်လာပြီး ပူတာအို လေဆိပ် ကတဆင့် မြစ်ကြီးနားကို ပို့ဆောင် လိုက်တယ်လို့ SNLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဘီဘီစီကို ပြော ပါတယ်။

အဲဒီ ပြောင်းရွှေ့မှုနဲ့ ပက်သက်ပြီး မိသားစုဝင် တွေကို အာဏာပိုင် တွေက အကြောင်း ကြားတာမျိုး မရှိဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ရပ်ဝေး ထောင်တွေမှာ အကျဉ်း ကျခံ နေကြရတဲ့ တခြား SNLD ခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ ဦးစိုင်းလှအောင်တို့ ကတော့ ထောင်ပြောင်းရွှေ့ ခံရသူတွေထဲမှာ ပါမပါ မသိရသေး ပါဘူး။

ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် နဲ့ ဦးစိုင်းလှအောင်တို့ သုံးဦးဟာ တခြား ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ၆ ဦး တို့နဲ့ အတူ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ရှမ်းပြည် အတိုင်ပင်ခံ အဖွဲ့ ဖွဲ့စည်းမှု တို့နဲ့ စွပ်စွဲခံခဲ့ကြရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချခံ ကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ ရက်နေ့ တုန်းက မြန်မာ အစိုးရ က တတိယ​အသုတ်​ အနေ​နဲ့ ထပ်လွှတ်ပေး ဖွယ်ရှိတဲ့ အကျဉ်းသား တွေထဲမှာ သူတို့ ပါမယ် ဆိုတဲ့ သတင်းတွေ ကြားခဲ့ရ ပါတယ်။

တခြား ထင်ရှားတဲ့ ခေါင်းဆောင်များ

ကျိုင်းတုံ ထောင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကတော့ ဗုဒ္ဓဟူး နေ့က ပြောင်း ရွှေ့တဲ့ အထဲမှာ မပါသေးဘဲ ကျိုင်းတုံ ထောင်ထဲမှာ ရှိနေသေးပြီး ကြာသပတေး နေ့ ကျမှ ပြောင်းရွှေ့မယ်လို့ ထောင် အသိုင်း အဝိုင်းက သိရတဲ့ အကြောင်း ကျိုင်းတုံ မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

Image caption ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ထဲက တချို့ကို ထောင်ရွှေ့ ပြောင်း

ကိုမင်းကိုနိုင်ကို အင်းစိန် ထောင် ကနေ တဆင့် သရက် ထောင်ကို ပြောင်းရွှေ့ သွားဖို့ ရှိတယ်လို့လည်း အကျဉ်း ဦးစီး ဌာနနဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းက ပြော ပါတယ်။

၈၈ မျိုးဆက် ကျောင်းသူ တစ်ယောက် ဖြစ်တဲ့ မနီလာသိန်း ကိုတော့ သရက်ထောင် ကနေ သာယာဝတီ ထောင်ကို ပြောင်းရွှေ့ လိုက်ပြီလို့ သိရ ပါတယ်။

ကလေးမြို့ အကျဉ်း ထောင်မှာ ထောင်ဒဏ် ၆၃ နှစ် ကျခံ နေရတဲ့ ၂၀၀၇ သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် တပါး ဖြစ်သူ ဦးဂမ္ဘီရ ကိုလည်း ဗုဒ္ဓဟူးနေ့က ထောင် ပြောင်းလိုက် ပါတယ်။

သားဖြစ်သူ ပြန်လွတ်လာနိုးနဲ့ ကလေးမြို့ အကျဉ်း ထောင်မှာ သွားရောက် စောင့်စား နေတဲ့ ဆရာတော်ရဲ့ မိခင် ဒေါ်ရေးက သားဖြစ်သူကို ရန်ကုန် အင်းစိန် ထောင်ကို ပြောင်းရွှေ့ လိုက်တယ်လို့ ကြားရပြီး ဆက်စုံစမ်း ဦးမယ်လို့ ပြောပါတယ်။

အခုချိန် ထိတော့ နိုင်ငံရေး အကျဉ်း သား တစ်ယောက်မှ ပြန်လည် လွတ်မြောက် လာတယ် လို့ မကြား ရသေး ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင်ကနေ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို ပြန်လွှတ် ပေးဖို့နဲ့ ပြန်မလွှတ် နိုင် သေးဘူး ဆိုရင်တောင် မိသားစု တွေနဲ့ နီးရာ ထောင်တွေဆီ ပြောင်းရွှေ့ ပေးဖို့ သမ္မတဆီ စာရေး ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အခုလို အကျဉ်းထောင် အရွှေ့ အပြောင်း သတင်းတွေ ကြားလာ ရတာ ဖြစ်ပါတယ်။