US နိုင်ငံခြားရေး ဝန်ကြီးရဲ့ နှစ် ၅၀ အတွင်း ပထမ ဆုံး မြန်မာ ခရီး

  • 18 နိုဝင်ဘာ 2011

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကို လာမယ့် လမှာ မြန်မာ နိုင်ငံဆီ စေလွှတ် မယ်လို့ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ကို ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မကြာခင် မြန်မာ နိုင်ငံကို သွားမယ်

အန်အယ်လ်ဒီ ပါတီ ပြန်လည် မှတ်ပုံတင်ပြီး လာမယ့် ရွေးကောက်ပွဲ တွေမှာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်ဒီ ကိုယ်စားလှယ်တွေ ဝင်ရောက် ယှဉ်ပြိုင် အရွေး ခံမယ် လို့ တရားဝင် ထုတ်ပြန် မကြေညာခင်မှာ အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ် စကား ပြောခဲ့ စဉ် အခုလို ပြောခဲ့ တာပါ။

လာမယ့် နိုဝင်ဘာလ ၂၈ ရက် ကနေ ဒီဇင်ဘာ ၂ ရက် နေ့ အထိ အာရှ ဒေသ ကို သွားရောက်မယ့် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံကို သွားရောက်မှာ ဖြစ်တယ် လို့ လည်း သိရ ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ် မှာပါ။

အမေရိကန်ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်ဟာ မြန်မာ နိုင်ငံဘက်က နောက်ထပ် ပြုပြင် ပြောင်းလဲရေး တွေပြုလုပ်ဖို့ ဆန္ဒ ရှိတာ အပေါ် မူတည် တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စိုးရိမ် ပူပန်မှုတွေနဲ့ ပတ်သက်လို့လည်း ထုတ်ဖော် ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ပွင့်လင်း မြင်သာမှု မရှိတဲ့ နိုင်ငံရေး စနစ်၊ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပြုမူ ဆက်ဆံမှု၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး၊ စတာတွေအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မှု ရှိနေတုန်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မြန်မာ နိုင်ငံက ဒီမိုကရေစီ လမ်းကြောင်း အတွက် ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ် သွားမယ် ဆိုရင်တော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ရှေ့ဆက် တိုးတက် သွားနိုင်မှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။