အခြေခံဥပဒေအပေါ် ဦးဝင်းတင်သံသယရှိ

  • 18 နိုဝင်ဘာ 2011
NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်
Image caption NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်

အရေးကြီးတဲ့ဆုံးဖြတ်ချက် တခု ကို အန်အယ်ဒီ ပါတီ အနေနဲ့ ချမှတ် လိုက်ပြီ ဆိုပေမဲ့ နိုင်ငံရေး ပါတီဆိုတာ လူအများ နဲ့ဖွဲ့စည်းထားတာမို့ သဘောထား ကွဲတာတွေ ကတော့ရှိစမြဲပါ။ ဒီအစည်းအဝေး မတိုင်မီက အန်အယ်ဒီ ပါတီ မှတ်ပုံတော့တင်သင့်တယ် ရွေးကောက်ပွဲ ကိစ္စကတော့ မဝင်သင့် သေးဘူး ဆိုတဲ့သဘောထား ရှိသူတဦးကတော့ ပါတီ ရဲ့ အလုပ်အမှုဆောင် ကော်မီတီဝင် တဦးဖြစ်တဲ့ ဦးဝင်းတင် ပါ။

ပါတီမှတ်ပုံတင်ရေးအတွက် မစိုးရိမ်ပေမဲ့ ၂၀၀၈ အခြေခံဥပဒေအပေါ်သံသယရှိကြောင်း ဒါပေမဲ့ ဒေါ်စုက အခြေခံဥပဒေပြင်ဖို့ လွှတ်တော်ထဲမှာ ဆက်လုပ်မယ်လို့ ရှင်းပြလို့ စိတ်အေးရကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

ဦးဝင်တင် ကတော့ ပါတီရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်ပါ ဆောင်ရွက်သွားမယ်၊ သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မလား ဆိုတဲ့ ကိစ္စ ကတော့ သူ့အသက်လည်း ကြီးနေပြီ ဖြစ်တဲ့ အတွက် မဝင်တော့ဘူး ဒါပေမယ့် ပါတီ လုပ်ငန်း တွေကို သူဆက်လုပ်သွား မယ် လို့ ပြောပါတယ်။ မိထ္ထီလာ NLD ပါတီအတွင့်အရေးမှူး ဒေါ်မြင့်မြင့်အေးကတော့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလက်ခံကြောင်း ဒေါ်စုနဲ့ NLD တို့မကွဲဖို့ အရေးကြီးကြောင်း အခြားလူတွေရွေးကောက်ပွဲဝင်ချင်ဝင်နိုင်ပေမဲ့ ဒေါ်စုတော့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့ပြောပါတယ်။

ဒီကာလမှာ ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘုရား ကို အင်္ဂါနေ့တိုင်း ဆုတောင်း ခဲ့ကြသလို အာဏာပိုင်တွေ ရဲ့ အမျိုးမျိုးသော နှောင့်ရှက်မှု ကို ခံရတဲ့ ဒေါ်နော်အုန်းလှ နဲ့ အဖွဲ့ ကတော့ ပါတီ မှတ်ပုံမတင်ရေး အတွက် သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အန်အယ်ဒီ ပါတီဝင် ၁၀၀ ကျော်ရဲ့ လက်မှတ် တွေကို စုဆောင်းဖြန့်ချိ နေတယ် လို့ သူ့အဖွဲ့ ဝင် တဦး ကပြော ပါတယ်။