မြန်မာသမ္မတရဲ့ ဖိတ်ကြားချက် မစ္စတာဘန်ကီမွန်း လက်ခံ

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာဘန်ကီမွန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဘာလီမှာ သီးသန့်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်

မြန်မာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကို မြန်မာနိုင်ငံ လာရောက်ဖို့ ဖိတ်ကြားတဲ့ အပေါ် မစ္စတာ ဘန်ကီမွန်းက လက်ခံလိုက် ပါတယ်။

မစ္စတာဘန်ကီးမွန်းက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သီးသန့် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရင်လို ထိတွေ့ ဆက်ဆံမှုတွေ ပြန်ဖြစ်လာအောင်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးလာစေအောင် မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ သံတမန်ရေးအရ အထီးကျန် ဖြစ်နေမှုတွေ လျော့ကျရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာလည်း မြန်မာနိုင်ငံကို ရှေ့လ သွားရောက် မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူ ထားမှုတွေကိုတော့ ပြန်ရုပ် သိမ်းဦးမှာ မဟုတ်သေးဘူးလို့ မစ္စစ် ကလင်တန်က အမေရိကန် ရုပ်သံသတင်း တခုကို ပြောကြားခဲ့တယ်လို့ အိန္ဒိယ PTI သတင်းမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပိုမိုတိကျခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့လည်း မစ္စစ်ကလင်တန်က ပြောပါတယ်။