သတင်းထောက်တွေကို သမ္မတ ဦးသိန်းစိန် တွေ့ဆုံ

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption အာဆီယံ ဆွေးနွေးပွဲအပြီး သမ္မတဦးသိန်းစိန် ကို ဘီဘီစီသတင်းထောက် ကိုချို မေးမြန်းနေ စဉ်

၂၀၁၁ ခုနှစ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အပြီးမှာ မြန်မာနိုင်ငံအတွက် သတင်း ကောင်းတွေကို သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြား သွားပါတယ်။

၂၀၁၄ခုနှစ် အာဆီယံ ဥက္ကဌ နေရာကို မြန်မာ နိုင်ငံ ရတာ၊မြန်မာနိုင်ငံ အမေရိကန် သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေကို ဖေါ်ထုတ် ပြောဆိုခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ကို လာရောက်ဖို့ စီစဉ်နေတာ၊ NLD ပါတီ ပြန်မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာ၊ SEA Game အားကစားပွဲမှာ မြန်မာ အသင်း ရွှေ တံဆိပ်တွေ ရခဲ့တာ စတဲ့ သတင်းတွေဟာ မြန်မာနိုင်ငံအတွက် သတင်းကောင်းတွေ ဖြစ်တယ် လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ကို လွှဲအပ်ခံလိုက်ရတဲ့အတွက် ဆောင်ရွက်စရာ တာဝန် တွေ ပိုလာပြီလို့ လည်း ဦးသိန်းစိန်က ပြောပါတယ်။

မြန်မာ အစိုးရသစ်အနေနဲ့ ဘယ်လို တာဝန်တွေ လုပ်ဆောင်မှာလဲ ဆိုတဲ့ ဘီဘီစီ မြန်မာ သတင်းထောက်ရဲ့ မေးခွန်းကို သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက် ဖွံ့ဖြိုးအောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် သက်တမ်း ၈လသာ ရှိသေးတဲ့ မြန်မာ အစိုးရသစ်အနေနဲ့ တခြား ဝါရင့် ဒီမိုကရေစီ နိုင်ငံကြီးတွေနဲ့ ထပ်တူ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အံဝင်ဂွင်ကျ ဖြစ်အောင်တော့ အထူးကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလို လုပ်ရာမှာ ပြည်တွင်းက လူတွေအကြား အမြင်ချင်းတူအောင် လုပ်ဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီးမှာ အစိုးရရဲ့ စိတ်စေတနာတွေကို ဒေါ်အောင်ဆန်း စုကြည်တို့ဖက်က သိနားလည်လာပြီး အမြင်သဘောထားတွေ ပြောင်းလာ ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။

ဒါပေမယ့် အစိုးရသစ်ဖက်ကလည်း အကုန်လုံး ပကတိ အကောင်း မဟုတ်သေးပဲ ပြုပြင်စရာ တွေ စောင့်ကြည့် လေ့လာစရာတွေ ရှိနေသေးဆဲပဲ လို့လည်း သမ္မတ ဦးသိန်းစိန်က ဝန်ခံ ပြောဆိုသွားပါတယ်။