သမ္မတရဲ့ ပြောဆိုချက်အပေါ် တုန့်ပြန်သံတွေထွက်

  • 20 နိုဝင်ဘာ 2011
Image caption ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ် ဆိုတာ ကို လက်မခံဘူးလို့ သမ္မတ ဦးသိန်းစိန်ပြော

ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ် ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောကြားသွားတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေဆီက တုန့်ပြန် ဝေဖန်သံတွေ ပေါ်ထွက် လာပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီးအပြီး မြန်မာ သတင်း ထောက်တွေကို တွေ့ဆုံ စကားပြောစဉ် မှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက် ကြောင့် အကျဉ်းကျနေတယ်ဆိုတာကို လက်မခံကြောင်း၊ ဥပဒေ တစ်ခုခု ကျူးလွန်ထားသူ တွေကိုသာ အရေးယူထားတာ ဖြစ်ကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းတင်က သူတို့အနေနဲ့ကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေထဲမှာ သတင်းစာဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ၊ ပန်းချီဆရာ ကအစ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးလုပ်လို့ အကျဉ်းကျနေသူတွေအားလုံးကို ထည့်သွင်း ထားတာကြောင့် ကျယ်ဝန်း တယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ဒီစာရင်းထဲမှာ သူတို့ထည့်ချင်တဲ့ နိုင်ငံရေး အကျဉ်းသား အနည်းအပါးပဲ ထည့်ပြီး ၁၇(၁) တို့၊ ဗုံးကွဲတဲ့ အမှုတွေမှာ ပါသူတွေကိုတော့ ဖြုတ်ထားတာကြောင့် အကန့် အသတ် ရှိနေကြောင်း၊ မကြာသေးခင်ကတော့ မြန်မာ လူ့အခွင့်အရေး ကော်မရှင်တို့၊ သမ္မတ အကြံပေးအဖွဲ့တို့ကရော လွှတ်တော်တွင်းမှာပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း ပြောဆိုလာကြတာကြောင့် ဒီစကားလုံး အသုံးအနှုန်းရဲ့ အနေအထားက ဆုပ်မရ ကိုင်မရ နဲ့ အဓိပ္ပါယ် ဖွင့်ဆိုရ ခက်တဲ့ အနေအထားကို ရောက်လာ ကြောင်း၊ ဒီလို အချိန်မှာပဲ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ဆိုတဲ့ စကားကို လက်မခံ နိုင်ဘူးလို့ ပြောသွားတာကြောင့် ပိုရှုပ်ထွေးစရာတွေ ဖြစ်လာတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေဟာ ဥပဒေတခုခု ချိုးဖေါက်လို့ အရေးယူခံ နေရတာ ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြောသွားတာဟာ မကျေနပ်စရာ ကောင်းတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

နိုင်ငံရေးမှာ ခေါင်းဆောင် ပါဝင်နေတဲ့ သမ္မတလို ပုဂ္ဂိုလ်မျိုးက ဒီလို စကားမျိုး ပြောသွား တာဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေလို့ပဲ ဆက်သုံးနှုန်းသွားမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

မကြာသေးခင်က အကျဉ်းထောင်က ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၈၈ မျိုးဆက်ကျောင်းသား စမ်းချောင်း ကိုကိုကြီးကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် ဟာ လက်လွတ်စပယ် နိုင်တဲ့ ပြောဆိုချက်ဖြစ်ပြီး နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုး ကိုယ်ကျိုးစွန့် လုပ်ခဲ့ကြသူ အကျဉ်းသားတွေကို စော်ကား ပြောဆိုသွားတယ်လို့တောင် ယူဆနိုင်တယ်လို့ ပြောပါတယ်။