NLD ရွေးကောက်ပွဲ ဝင်ပေမယ့် MPU ဆက်ရှိနေမယ်

  • 21 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင် ပြောင်းလဲတဲ့ အချိန်ထိ MPU ရပ်တည်သွားမယ်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြန်မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်ပအခြေစိုက် MPU လွှတ်တော်အမတ် များ သမဂ္ဂက ကြိုဆို ထောက်ခံ လိုက်ပါ တယ်။

MPU အတွင်းရေးမှူး ဦးသိန်းဦးက NLD အနေနဲ့ ဒီလို ဆုံးဖြတ်လိုက်တာဟာ နိုင်ငံရေးမှာ လက်တွေ့ကျကျ လုပ်ရမယ့်အပိုင်းကို လုပ်တာလို့ ရှုမြင် သုံးသပ်ကြောင်းနဲ့ တပြိုင်နက်ထဲမှာလည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းမဟုတ် တနည်းနဲ့ အသိအမှတ် ပြုခံရဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ကြိုးစား မယ် ဆိုတာကိုလက်ခံ ယုံကြည်ထားကြောင်း ဘီဘီစီကို ပြောပါတယ်။

MPU ဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အရ ရွေးကောက်ခံထားရတဲ့ အမတ်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ပြည်ပ အခြေစိုက် သမဂ္ဂ အဖွဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အခုချိန်မှာ လုံးဝ ဒီမိုကရေစီ နိုင်ငံတခု အဖြစ် ပြောင်းလဲသွားတာ မဟုတ်သေးပဲ ထဲထဲ ဝင်ဝင် စောင့်ကြည့်ရမယ့် အနေအထားမျိုး ဖြစ်ကြောင်း၊ ဒီလို အနေအထားမှာ ပြည်တွင်းကရော၊ ပြည်ပကရော၊ နိုင်ငံတကာကပါ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ဖို့လိုကြောင်း ဦးသိန်းဦးက ပြောပါတယ်။

ပြည်တွင်းမှာ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီကို ဖွဲ့စည်းထားရှိထားသလို ပြည်ပမှာ ရှိတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ MPU ကလည်း ပြည်တွင်းမှာ လုပ်တဲ့ လုပ်ငန်းတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မှာ တကယ်တမ်း ထဲထဲဝင်ဝင် နဲ့ ပြောင်းလဲတဲ့ အခြေအနေမျိုး ဖြစ်လာရင်တော့ MPU အနေနဲ့ ပြည်ပမှာ ရှိစရာ မလိုတော့ပဲ မြန်မာပြည်တွင်းမှာ လက်တွေ့ ကျကျ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

MPU က ဖွဲ့ထားတဲ့ NCGUB အဝေးရောက် ညွန့်ပေါင်း အစိုးရ အဖွဲ့အနေနဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး အနိုင်ရသွားမယ် ဆိုရင် NCGUB ဆက်ရပ်တည်ဖို့ လိုမှာ မဟုတ်တော့ကြောင်း၊ ဒါပေမယ့်လည်း ဒီကိစ္စကို MPU နဲ့ NCGUB အဖွဲ့တွင်းက ခေါင်းဆောင်တွေ ဆွေးနွေး ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဦးသိန်းဦးက ဘီဘီစီကို ပြောပါတယ်။