အီဂျစ်မှာ ဆန္ဒပြပွဲ ဆက်ဖြစ်ပွား

  • 22 နိုဝင်ဘာ 2011
Egypt protest ဓာတ်ပုံ မူပိုင် BBC World Service
Image caption လုံခြုံရေး တပ်ဖွဲ့ တွေက မျက်ရည်ယို ဗုံးတွေနဲ့ နှိမ်နှင်း

အီဂျစ်နိုင်ငံ ကိုင်ရို မြို့လယ်က တာဟီရာ ရင်ပြင်မှာ ထောင်သောင်း ချီတဲ့ အီဂျစ် ပြည်သူ တွေဟာ စစ်ကောင်စီကို အာဏာ စွန့်လွှတ်ရေး ဖိအား ပေးတဲ့ အနေနဲ့ ထပ်မံ ဆန္ဒပြ နေကြ ပါတယ်။

တာဟီရာ ရင်ပြင်ကို ဒီကနေ့ သိမ်းယူထား ဖို့အတွက် လူ တသန်း လောက်အထိ စုရုံး ကြဖို့ တက်ကြွ လှုပ်ရှား သူတွေက ပန်ကြား ထားပါတယ်။

ဆန္ဒပြသူ အများအပြား ဟာ တာဟီရာ ရင်ပြင်မှာ ညအိပ် နေခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ဆန္ဒပြပွဲ တွေဟာ အရင် သမ္မတ မူဘာရက်ကို ဖြုတ်ချ ခဲ့သလိုမျိုး လူအများကို ဆွဲဆောင်နိုင် ခြင်း မရှိသေး ပါဘူး။

အခုလို ဖြစ်နေတဲ့ အကျပ်အတည်း အတွက် နိုင်ငံရေး ပါတီက ခေါင်းဆောင် အတော် များများဟာ အာဏာ ယူထားတဲ့ စစ်ကောင်စီ နဲ့ ဆွေနွေး တော့မှာ ဖြစ်ပါတယ်။

နိုင်ငံ တလွှား မတည် မငြိမ် ဖြစ်မှု ခဲ့တဲ့ ၃ ၇က် အတွင်း လူပေါင်း ၂၀ ကျော် သေဆုံး ခဲ့ရ ပြီလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၈ ရက် တနင်္လာနေ့ ဆိုရင် အီဂျစ် မှာ ပါလီမန် ရွေးကောက်ပွဲ တွေ ကျင်းပ တော့မှာ ပါ။

ဒါပေမယ့် ဆန္ဒပြသူတွေက စစ်တပ် ကို နိုင်ငံရေး နဲ့ ပတ်သက်ပြီး အထူးအာဏာ တွေ ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ချက် တွေကို ရှုတ်ချ နေကြ တာပါ။

အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်း မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေး ရင် စစ်တပ် က ပယ်ဖျက် နိုင်ခွင့် ဗီတို အာဏာ ယူထား သလို စစ်တပ်နဲ့ ပတ်သက်တဲ့ ဘတ်ဂျက် ကို သေသေ ချာချာ စိစစ် ခွင့်မပြု ဖို့ ပိတ်ပင်ထား တာကို သူတို့က ဝိုင်းကန့်ကွက် နေတာပါ။

အခု တောင်းဆို ကြတဲ့ သူတွေထဲ အစ္စလာမ်မစ် ဝါဒီ တွေလည်း ပါသလို အရင် နွေဦး တော်လှန်ရေး တုန်း က အီဂျစ် လူထု အများအပြား ပါဝင် လာအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ ဧပြီ ၆ ရက် လူငယ် လှုပ်ရှားမှု အဖွဲ့ လို အဖွဲ့ တွေ လည်း ပါဝင်ပါတယ်။

အီဂျစ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး မှာ စစ်တပ် အနေနဲ့ ဘယ် အခန်းကဏ္ဍ မှာ ဘယ်ကာလ အထိ ဆက်ပါဝင် မလဲ ဆိုတာကို အခု ဆန္ဒပြပွဲ တွေက မေးခွန်း ထုတ် နေကြ ပါတယ်။