အဓမ္မလယ်သိမ်းခံရမှု TSYO အစီရင်ခံစာ ထုတ်ပြန်

  • 22 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် taang
Image caption သုတေသနပြုထားသော လယ်ယာမြေသိမ်းမှု နေရာပြ တအောင်းဒေသ မြေပုံ

ရှမ်းပြည် မြောက်ပိုင်း ပလောင်ဒေသမှာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ အခုချိန်ထိ ဖြစ်ခဲ့တဲ့ လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံ ရမှုတွေနဲ့ ပတ်သက်ပြီး၊ တအာင်း ကျောင်းသားနဲ့ လူငယ်များ အစည်းအရုံး TSYO က လေ့လာစစ်တမ်း ကောက်ယူ ကာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

၁၉၉၉ ဝန်းကျင်လောက်ကနေပြီး အခုအချိန် အထိ ပလောင်ဒေသအတွင်း လယ်ယာမြေ ၄ သောင်းကျော် သိမ်းဆည်းခံခဲ့ရတယ်လို့ အစီရင်ခံစာ ရေးသားသူ တစ်ယောက် ဖြစ်တဲ့ မိုင်းပါင်လက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားဒေသက ပြည်သူတွေအနေနဲ့ အခုလို ဖြစ်ရပ်တွေကို တိုင်ကြားလို့ ရတယ် ဆိုတာကို မသိကြောင်း သူကပြောပါတယ်။

သူတို့ တွေ့ရှိရတဲ့ ဖြစ်စဉ်ပေါင်း များစွာမှာ၊ လာရှိုးတိုင်းမှူး အမိန့်နဲ့ အသိမ်းခံထားရတဲ့ လယ်မြေဧက ၅၀၀ ကိစ္စတခုပဲ တိုင်းကြားထားတာ ရှိကြောင်း၊ ဒါပေမယ့်လည်း အာဏာပိုင်တွေ ဘက်က ဘာမှ အကြောင်းပြန်တာ မရှိဘူးလို့ သိရပါတယ်။

အစိုးရ စစ်တပ်စခန်းတွေ တိုးချဲ့ရာကနေ စတင်သိမ်းယူခဲ့တာ ဖြစ်ကြောင်းနဲ့ နောက်ပိုင်း မှာတော့ မြို့တိုင်းမှာ သိမ်းဆည်းမှုတွေ ရှိခဲ့ကြောင်း မိုင်းပေါင်လက ရှင်းပြပါတယ်။ နောက်ပြီး ရေကာတာ စီမံကိန်းတွေကြောင့်လည်း လယ်ယာမြေ ထောင်သောင်းချီပြီး အသိမ်းခံရတယ်လို့ ဆိုပါတယ်။

ဒီလိုသိမ်းဆည်းခံရတဲ့အထဲမှာ လူသုံးလေးဦးလောက်သာ လျော်ကြေးအနည်းအကျဉ်း ရရှိတယ်လို့ ဆိုပါတယ်။

ပြည်နယ်အစိုးရကလည်း အခုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးဘာမှ လုပ်ကိုင်ဆောင်ရွက်ပေး ခြင်းမရှိသေးသလို၊ ပြည်နယ် အမတ်တွေကလည်း ပြည်နယ်လွှတ်တော်တွေမှာ တင်ပြ တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။