တိုင်းရင်းသား အဖွဲ့ အားလုံး ပါဝင် ဆွေးနွေးရင် UNFC လက်ခံနိုင်

  • 22 နိုဝင်ဘာ 2011

ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ် ကောင်စီ UNFC က သူတို့ အဖွဲ့ ထဲမှာ ပါဝင် ကြတဲ့ တိုင်းရင်းသား အဖွဲ့ အားလုံး အတူ ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲမျိုး ဆိုရင် လက်ခံ နိုင်တယ်လို့ ပြောပါတယ်။

Image caption မကြာသေးခင်က ကေအန်ယူ နဲ့ တခြား တိုင်းရင်း သား အဖွဲ့တွေကို အစိုးရက သီးခြားစီ တွေ့ဆုံခဲ့

UNFC အဖွဲ့ထဲမှာ ပါဝင်ကြတဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကို မြန်မာ အစိုးရ ဘက်က ကိုယ်စားလှယ် စေလွှတ် ပြီး သီးခြား တစ်ဖွဲ့ချင်းစီ ဆွေးနွေး မှုတွေ ပြုလုပ် နေတာ ဖြစ် ပါတယ်။

UNFC အနေနဲ့က ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကို တပ်ပေါင်းစု အနေနဲ့သာ ပြုလုပ်မယ် ဆိုတဲ့ မူကို ကိုင်စွဲ ထား ပါတယ်။

အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးတဲ့ အခါ တိုင်းရင်းသား အဖွဲ့တွေ အားလုံး ပါဝင်တဲ့ ညီလာခံ မျိုး နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရက အရိပ် အမြွက် ပြောဆို ခဲ့တယ် ဆိုတဲ့ သတင်း တွေလည်း ကြားရတယ်လို့ UNFC အထွေထွေ အတွင်း ရေးမှူး ဦးနိုင်ဟံသာ က ပြောပါတယ်။

စစ်မက် ဖြစ်ပွား နေတဲ့ ဒေသတွေ အားလုံးမှာ အပစ် အခတ် ရပ်စဲရေးကို တပြိင်နက်တည်း ပြုလုပ်ပြီး နောက်တဆင့် အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုတယ်လို့ UNFC အထွေထွေ အတွင်း ရေးမှူး ဦးနိုင်ဟံသာ က ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ နေရာမှာ UNFC အနေနဲ့ သို့မဟုတ် ကျယ်ပြန့်တဲ့ တိုင်းရင်းသား အဖွဲ့ အစည်းတွေ အားလုံး စုပေါင်းပြီး ပြည်နယ် အစိုးရ အဆင့် သာ မက ဗဟို အစိုးရ အဆင့်နဲ့ ဆွေးနွေး ကြဖို့ကိုလည်း တောင်းဆို တယ်လို့ ဦးနိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ အစိုးရ ဘက်က တိုင်းရင်းသား အဖွဲ့ တစ်ဖွဲ့ချင်း နဲ့သာ တွေ့ဆုံ လိုတာကြောင့် တွေ့ဆုံ ဆွေးနွေး နေကြတာ ဖြစ်ပေမဲ့ တစ်ဖွဲ့ချင်းစီ နဲ့သာ နားလည်မှု ယူတဲ့ ပုံစံမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အခု လတ်တလော တိုင်းရင်းသား အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးမှု တွေဟာ တိုးတက်မှု ရှိတယ်လို့ မပြောနိုင် ပေမဲ့ နှစ်ဘက် အပြန်အလှန် နားလည်မှု တော့ ရှိလာ တယ်လို့ ပြောနိုင် ကြောင်းလည်း ဦးနိုင်ဟံသာက ပြော ပါတယ်။