ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ် ရောက်

  • 23 နိုဝင်ဘာ 2011
Bangladesh Prime Minister Sheikh Hasina ဓာတ်ပုံ မူပိုင် focus bangla
Image caption ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဒီဇင်ဘာ လဆန်း မှာ မြန်မာ ပြည် သွားဖို့ ရှိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ကြည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း က ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလူး ရာမန် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အရေး ကိစ္စရပ် တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

အဲဒီလို ဆွေးနွေး ခဲ့ကြ ရာမှာ နှစ်ဘက် ပြဿနာ တွေကို ဆွေးနွေး ရာကတဆင့် အဖြေ ရှာကြ မယ်လို့ ပြောဆို ကြကြောင်း သိရ ပါတယ်။

လောလောဆယ် နှစ်နိုင်ငံ ကြား ဖြစ်နေတဲ့ ပြဿနာ နှစ်ရပ် ကတော့ ရေပြင် ပိုင်နက် အငြင်းပွားမှု နဲ့ မြန်မာ နိုင်ငံက မူဆလင် ဒုက္ခသည်တွေရဲ့ အရေး ကိစ္စပဲ ဖြစ် ပါ တယ်။

ရေပြင် ပိုင်နက် ကိစ္စကို နှစ်နိုင်ငံ အနေနဲ့ မဖြေရှင်း နိုင်တဲ့ အတွက် ကုလသမဂ္ဂက သက်ဆိုင်ရာ ခုံရုံး ကို တင်ပြ ထားရပြီး လာမယ့် နှစ်မှာ ဆုံးဖြတ်ချက် ချပေး လိမ့်မယ်လို့ ကုလသမဂ္ဂ က ပြောထား ပါတယ်။

နောက် ကိစ္စရပ် တစ်ခု ဖြစ်တဲ့ မူဆလင် ဒုက္ခသည်တွေ အရေးမှာ ဒုက္ခသည် လူဦးရေ များပြား နေပြီ ဖြစ်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံ က မူဆလင် ဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့ဖို့ လိုလား နေတယ်လို့ ဒက္ကာမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နှစ်နိုင်ငံကြား စစ်ရေး အပြန်အလှန် တိုးမြှင့် ဆက်ဆံမှုတွေ ပြုလုပ်ဖို့လည်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခရီးစဉ် အတွင်း ဆွေးနွေး ဖြစ်ခဲ့ ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် နှစ်နိုင်ငံ က စစ်သားတွေ ကို အပြန်အလှန် စေလွှတ်ပြီး စစ် သင်တန်းတွေ ပို့ချ ပေးဖို့ ကိစ္စ တွေလည်း ဆွေးနွေး ခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ဖြတ်သန်း ဖောက်လုပ်မယ့် ချစ်ကြည်ရေး လမ်းမကြီး အပါအဝင် လမ်းတံတား ဖောက်လုပ်ရေး လုပ်ငန်းတွေ အကြောင်း ဆွေးနွေး ခဲ့ကြ ပါတယ်။

လောလောဆယ် မစတင်ရ သေးတဲ့ အဲဒီ ချစ်ကြည်ရေး လမ်းမကြီး ဖောက်လုပ်ဖို့ မြန်မာ ဘက်က ဦးစားပေး စီစဉ် ပေးပါလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က တောင်းဆိုခဲ့ ကြောင်း လည်း ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

ကုန်သွယ်ရေးမှာ အိန္ဒိယကိုပဲ မှီခို နေရတဲ့ အခြေ အနေ ကနေ ကင်းဝေးအောင် တရုတ်နဲ့ ကုန်သွယ်ရေး တိုးမြှင့်လိုတဲ့ အတွက် အဲဒီ လမ်းမကြီး ဖောက်လုပ်ရေး ဟာ ဘင်္ဂလားဒေ့ရှ် အတွက် အလွန် အရေးကြီးနေ ပါတယ်။

ဒီဇင်ဘာ လ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ မြန်မာ နိုင်ငံကို သွားရောက်တဲ့ အခါ မှာလည်း ချစ်ကြည်ရေး လမ်းမကြီး ဖောက်လုပ်ရေး ကိစ္စ မြန်မာ ဘက်ကို တိုက်တွန်းဖို့ ရှိတယ် လို့လည်း သိရ ပါတယ်။