US နိုင်ငံခြားရေး ဝန်ကြီး မြန်မာကို ပထမဆုံး လာရောက်မယ်

  • 24 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံကို မသွားခင် တောင်ကိုရီးယားက လူမှုကယ်ဆယ်ရေး အကူအညီ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲကို တက်ရောက် လိမ့်မယ်လို့ မနေ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မစ္စက် ကလင်တန်ဟာ နိုဝင်ဘာ ၃ဝ ရက်ကနေ ဒီဇင်ဘာ ၂ရက်ထိ ရန်ကုန်မြို့နဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပြီး ဒါဟာ နှစ်ငါးဆယ် အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အမှောင်ကျနေတဲ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း တိုးတက်မှု အလင်းရောင်ကို တွေ့ရတာကြောင့် မစ္စက် ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် အာစီယမ် အစည်းအဝေးမှာ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မစ္စက် ကလင်တန်နဲ့ အတူ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတွေ ဖြစ်တဲ့ ကာ့ထ် ကမ်းဘဲလ်နဲ့ မိုက်ကယ် ပေါ့စ်နာ တို့အပြင် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူး ကိုယ်စားလှယ် ဒဲရစ်ခ် မစ်ချဲလ်တို့လည်း လိုက်ပါသွားလိမ့်မယ်လို့ ဆိုပါတယ်။