မြန်မာကို ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးဖို့ ဂျပန် ဆွေးနွေးမယ်

  • 24 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျပန် ဝန်ကြီးချုပ် မြန်မာပြောင်းလဲမှုကို ကြိုဆို

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေမှာ ဂျပန်က အကူအညီတွေ ပြန်လည် ပေးအပ်ရေးနဲ့ ပတ်သက်လို့ လာမယ့် သီတင်းပတ်မှာ နှစ်နိုင်ငံ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးကြလိမ့်မယ်လို့ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဂျပန် အစိုးရက ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

နှစ်ဖက် အစိုးရ ထိပ်တန်း အရာရှိတွေ တွေ့ဆုံတဲ့အခါ ဘယ်စီမံကိန်းတွေမှာ ကူညီ ထောက်ပံ့မှုတွေ ပေးမလဲဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပြီး အဲဒီ အထဲမှာ ဘီလူးချောင်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ပြုပြင် တည်ဆောက်ရေး ပါကောင်း ပါနိုင်တယ် လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော ဒီမိုကရေစီ ရေးရာ အကောင်အထည် ဖော်မှုတွေကို နိုင်ငံတကာ တွန်းအားပေးနေရာမှာ ဒါဟာ နောက်ထပ် ခြေလှမ်းတရပ် ဖြစ်ပါတယ်။

စစ်တပ်က ဆယ်စုနှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပိုမို ပြုပြင်ပြောင်းလဲရေး တွေလုပ်ဆောင်ဖို့ တိုက်တွန်းနေသလို ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အန်အယ်ဒီ ပါတီ ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုကြောင်း ပြောခဲ့ပြီး ဂျပန် အစိုးရ ကူညီထောက်ပံ့မှု တွေနဲ့ ပတ်သက်လို့ လာမယ့် တနင်္လာနေ့မှာ နေပြည်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဒီပဲရင်း အရေးအခင်း အပြီး၂ဝဝ၃ ခုနှစ် ကတည်းက ဖြတ်တောက် ထားခဲ့တာ ဖြစ်ပေမယ့် လူမှု ကယ်ဆယ်ရေး အကူအညီတွေ ကိုတော့ ဆက်လက် ပေးအပ်နေခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mr Masaru Sato က မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိတဲ့ အပေါ် မူတည်ပြီး အကူအညီ တိုးပေးဖို့ ဆုံးဖြတ်ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။