ပြည်ပရောက် မြန်မာ့အဖွဲ့အစည်းတွေ အပြောင်းအလဲ ရှိလာနိုင်

  • 26 နိုဝင်ဘာ 2011

မြန်မာနိုင်ငံ ပြည်တွင်း နိုင်ငံရေး အခြေ အနေအရ ပြည်ပရောက် အဖွဲ့အစည်းတွေ ရဲ့ အခန်းကဏ္ဍဟာ အပြောင်းအလဲ ရှိလာနိုင် တယ်ဆိုတာကို လက်ခံကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ပြန်ကြားရေး တာဝန်ခံ ဒေါက်တာတင့်ဆွေက ဘီဘီစီကို ပြောကြားပါတယ်။

Image caption NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရုံနဲ့ လိုချင်တဲ့ ရည်မှန်းချက်တွေ မပြည့်ဝသေးပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ ၁၉၉၀ ခုနှစ်က ကိုယ်စားလှယ်တွေ ပြည်တွင်း လွှတ်တော် နိုင်ငံရေးထဲ ရောက်သွားရင် ပြည်ပရောက် အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကို အားဖြည့် ပေးဖို့ တာဝန်ရှိကြောင်း သူက ဆက်ပြော ပါတယ်။

ဒါပေမယ့်လည်း NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရုံနဲ့ လိုချင်တဲ့ ရည်မှန်းချက်တွေ မပြည့်ဝသေးဘူးလို့ ယူဆကြောင်း ပြောပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ထဲရောက်ရေးဟာ သူတို့ရဲ့ ရည်မှန်းချက်မဟုတ်ဘူးလည်း ဆိုပါတယ်။

အကြောင်းကတော့ မြန်မာပြည်ကို ၁၉၆၂ ခုနှစ်ကတည်းက စစ်အုပ်စု အုပ်ချုပ်လာတဲ့ အပေါ်မှာရော၊ စစ်အုပ်စုရဲ့ အာဏာရလိုမှု အပေါ်မှာပါ ပြည်သူလူထုက လုံးဝ ယုံကြည် စိတ်ချရခြင်း မရှိသေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်မချရသေးသ၍ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ ဆောင်ရွက်နေသလို ပြည်ပ ကနေလည်း ဆောင်ရွက်သင့်တယ်လို့ ယူဆကြောင်း သူကပြောပါတယ်။

လူထုက ထောက်ခံပေးလိုက်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေ အပြည့်အဝ ရရှိရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား အရေး၊ ဒါတွေ စိတ်ချရပြီဆိုမှ ရည်မှန်းချက် ပြည့်စုံမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းလှုပ်ရှားနိုင်မှာ ဖြစ်ပေမယ့် အခုလောလောဆယ်မှာတော့ အဲဒီလိုအဆင့်ရောက်ဖို့ အတော့်ကို စောနေသေး ကြောင်း သူကပြောပါတယ်။

အခုလို လပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် နှစ်ပေါင်း လေးငါးဆယ် ကျော် လုပ်ခဲ့တာတွေ အတွက် ပြေလျော့သွားတယ်လို့ မထင်ကြောင်း ပြောပြသွားပါတယ်။