KIA နဲ့ မြန်မာ ကိုယ်စားလှယ် တရုတ်မှာ တွေ့ဖို့ရှိ

  • 26 နိုဝင်ဘာ 2011
gunmaw
Image caption KIA ဒုတိယစစ်ဉီးစီးချုပ် ဗိုလ်မှူးချုပ်ဂွန်မော်

KIA ကချင်လွတ်လပ်ရေးတပ် နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ တို့ လာမယ့် ရက်ပိုင်းအတွင်း မှာ၊ အကြမ်းဖျဉ်း အားဖြင့် နိုဝင်္ဘာလ ၂၉ ရက်နေ့ မှာ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က ဘီဘီစီ ကို ပြောပါတယ်။

တွေ့ဆုံမယ့် အချိန်နဲ့ နှစ်ဖက် လူဦးရေ စါရင်း ညှိနှိုင်းဆဲ ဖြစ်တဲ့အတွက် တနင်္လာနေ့ မှ အတည်ပြု နိုင်ဖွယ် ရှိတဲ့ အကြောင်းလည်း ပြောပြယင်း၊ အရင်ကတည်းက တရုတ်နိုင်ငံ မှာ တွေ့ဖို့ စီစဉ်ဖူးကြောင်း၊ အခုလည်း ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲ တွေ ပြင်းထန်နေတဲ့ အတွက် အဆက်အသွယ်၊ သွားရေးလာရေး လွယ်ကူတဲ့ တရုတ်ဖက် ကို ရွေးချယ်ရပုံ ဗိုလ်မှူးချုပ် ဂွန်မော် က ပြောပါတယ်။

တရုတ်အစိုးရ အနေနဲ့တော့ ကြားဝင် စေ့စပ်မယ့် အခြေအနေ မရှိတဲ့ အကြောင်း လည်း ဗိုလ်ချုပ်ဂွန်မော် က ရှင်းပြပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ ကို ဝန်ကြီး ဦးအောင်မင်း ဦးဆောင်လာစဉ်က ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာ တွေ့ဆုံခဲ့ သလို၊ သကြားယံ မှာလည်း တွေ့ဆုံဆွေးနွေး ဖူးပါတယ်။ KIA အဖွဲ့ဖက်က အခုအကြိမ် ဆွေးနွေးပွဲ မှာ ဗဟိုကော်မတီဝင် တွေ ပါဝင်မှာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်ဆဲရေး အပါအဝင် နိုင်ငံရေး အရ ဆွေးနွေးမှု ကို လည်း၊ နှစ်ဦးနှစ်ဖက် ဝိုင်းပြီး စဉ်းစားတဲ့ သဘော ဆောင်ကြောင်း၊ ပြောပြပါသေးတယ်။

တိုက်ပွဲတွေ ကချင်ပြည်နယ်ထဲ မှာ ဆက်လက်ဖြစ်ပွား နေပေမယ့် တွေ့ဆုံဆွေးနွေး ရေး ကို အကောင်အထည် ဖေါ်မှာလို့ ဆိုပါသေးတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးချုပ် ဂွန်မော်က ပြောင်းလဲဖို့ ကြိုးစား နေတယ်လို့ ပဲ မြင်ပုံ ဘီဘီစီ ကိုပြောပြပါတယ်။