ရေကြီးဒဏ်ခံ ထိုင်းရောက် မြန်မာတွေ အခက်အခဲရှိနေဆဲ

  • 27 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption စက်ရုံတွေပြန်မဖွင့်နိုင်သေးလို့ စောင့်ဆိုင်း နေရတဲ့ သူတွေလည်း ရှိနေဆဲပါ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တချို့နေရာ တွေမှာ ရေပြန်ကျနေပြီ ဖြစ်တဲ့အတွက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကယ်ဆယ်ရေးစခန်းကနေ စက်ရုံ အလုပ်ရုံ တွေကို ပြန်သွားနေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရေတွေရှိနေဆဲ ဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေနားမှာ ရေစကြီးကတည်းက အခုအချိန်အထိ မရွှေ့မပြောင်းဘဲ ရေထဲမှာ နေနေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တသောင်းကျော်ခန့် ရှိနေ တယ်လို့ သိရပါတယ်။

အဲဒီ ရေရှိနေဆဲ နေရာတွေကတော့ ဘန်ကောက်တောင်ဘက် အုန်းနွဲ့၊ အုန်းယိုင်၊ ဘန်ခဲ၊ ခေါန်ကမ်၊ နတ်ကာပထုံ စတဲ့ နေရာတွေ ဖြစ်ကြပါတယ်။

အဲဒီအလုပ်သမားတွေဟာ ရေကြီးတဲ့နေရာမှာ တလခန့် နေနေရတာဖြစ်လို့ ကျန်းမာရေး အတွက် စိုးရိမ်ရပြီး၊ အစားအသောက်အတွက်လည်း အခက်အခဲ ရှိနေတယ်လို့ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဘန်ကောက်တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

မဟာချိုင်က ဘုန်းကြီးကျောင်းတခုမှာ ဖွင့်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာရှိတဲ့ မြန်မာအလုပ်သမားတချို့ကတော့ အလုပ်ပြန်ဝင် ကြပြီဖြစ်လို့ အဲဒီမှာတော့ လူ ၅၀ လောက်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။