မစ္စစ် ကလင်တန်ရဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်

  • 27 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရရဲ့ စိတ်ရင်းအမှန်ကို သိရဖို့ မြန်မာနိုင်ငံ ကို သွားမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန် ပြော

လာမယ့် နိုဝင်ဘာလ ၃၀ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅၀အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့အကြား နှစ်နိုင်ငံချင်း ဆက်ဆံရေး တိုးတက် မြင့်မားစေဖို့ လမ်းစဖော်နိုင်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တရပ် တည်ထောင်နိုင်ရေးအတွက်လည်း အပြုသဘော ဆောင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုလိုက်ပါတယ်။

အာရှ ပစိဖိတ်ဒေသဖက်ကို အာရုံ ထားလာတဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီမှာ မြန်မာနိုင်ငံ ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ LSE လန်ဒန် စီးပွားရေး တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဌာနက ပညာရှင် ဒေါက်တာ ဇာနည်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်အတွက် စီးပွားရေးအရ အရေးပါသလို အရှိန်သြဇာ ကြီးထွား လာနေတဲ့ တရုတ်က မြန်မာနိုင်ငံကို ခြေကုတ်ယူပြီး စစ်အင်အား ချဲ့ထွင်လာမှာကို မလိုလား တဲ့ အမေရိကန် အစိုးရဟာ မြန်မာနဲ့ အခုလို ဆက်ဆံရေး တိုးမြှင့် ထားရှိလာတာ ဖြစ်တယ် လို့ ဒေါက်တာဇာနည်က ပြောပါတယ်။

မြန်မာအစိုးရ အတွက်ကတော့ တရုတ်၊ အာဆီယံ တို့ကို အသုံးချလာခဲ့သလို အခုလည်း အမေရိကန်တို့၊ ဂျပန်တို့ကို မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးထဲ ပါလာအောင်လုပ်ပြီး အသုံးချသွားမယ်လို့ ယူဆရကြောင်း ဒေါက်တာ ဇာနည်က သူ့အမြင်ကို ပြောပြပါတယ်။

အမေရိကန်ဖက်က မြန်မာ အစိုးရနဲ့ သံအမတ်အဆင့် သံတမန် ဆက်ဆံရေး ပြန်ထား တာမျိုး၊ အစိုးရအဆင့် အသိုင်းအဝိုင်းကို အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့် ဗီဇာ ပြန်ပေး တာမျိုး တို့လို ကိစ္စတွေမှာ လိုက်လျောမှုတွေ ပြုကောင်းပြုလာနိုင်ပေမယ့် အမေရိကန် အစိုးရရဲ့ ဥပဒေအရ ပြဌာန်း အတည်ပြုထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုတော့ အလွယ်တကူ ပြန်ရုတ်သိမ်းနိုင်မယ့်ပုံ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံ သံအမတ်အဆင့် သံတမန် ဆက်ဆံရေး တွေ ပြန်ထား တာမျိုး၊ မြန်မာ အစိုးရ အသိုင်းအဝိုင်းကို အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာ ပြန်ပေးတာမျိုး လိုက်လျော ရင်တောင် မြန်မာအစိုးရအနေနဲ့ သူတို့ဖက်က အတော် အမြတ်ထွက်တယ်လို့ တွက်ထားပုံ ရကြောင်း ဒေါက်တာ ဇာနည်က ပြောပါတယ်။

ဒေါက်တာဇာနည်ရဲ့ သုံးသပ်ချက်ကို အောက်မှာနားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။