တရုတ်ဒုတိယသမ္မတနဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ်တွေ့

  • 28 နိုဝင်ဘာ 2011
မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ထွက်ခွာ
Image caption မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ ထွက်ခွာ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အဆင့်မြင့်မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်ပြီး တရုတ်ပြည်ကို ရောက်နေပါတယ်။ တရုတ်ဒုတိယ သမ္မတလည်းဖြစ် တရုတ်ဗဟိုစစ်ကောင်စီ ဒုတိယ ဥက္ကဌလည်းဖြစ်တဲ့ ရှီးကြင့်ဖြင်နဲ့ ဘီဂျင်းမှာ တွေ့ဆုံစဉ်အတွင်း နိုင်ငံတကာမှာ အမျိုးမျိုး ပြောင်းလဲမှုတွေ ရှိပေမယ့် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံတဲ့စံနစ်ဟာ ရေရှည်အစမ်းသပ်ခံ တည်မြဲကြောင်း သေနင်္ဂဗျူဟာ မဟာမိတ် အဖြစ်စစ်တပ်အချင်းချင်း အပြန်အလှန်ပူးပေါင်းမှုတွေ လုပ်မယ်လို့ တရုတ်ဒုတိယ သမ္မတက ပြောပါတယ်။

မြန်မာဘက်ကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ တောင့်တင်းအောင်လုပ်မယ် ဒေသတွင်းတည်ငြိမ် အေးချမ်းသာယာရေး ကာကွယ်ရေး အပိုင်းတွေမှာလည်း တရုတ်နဲ့ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ပြောပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ စစ်ရေးအကဲခတ်ပုဂ္ဂိုလ် ဦးအောင်ကျော်ဇောကတော့ ကချင်ပြည်အတွင်းစစ်ဆင်ရေးတွေမှာ မြန်မာဘက်က တပ်ရင်း၁၀၀ ကျော်သုံးပြီး နယ်စပ်မှာ တိုက်ပွဲတွေပိုပြင်းထန်လာလို့ ဒီကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်နဲ့ အခု ဟီလရီ ကလင်တန်ရဲ့မြန်မာနိုင်ငံ ခရီးစဉ်ကိုလည်း တရုတ်က တန်းတူ အရေးတကြီးထားပြီး စိတ်ဝင်စားမှုရှိတယ်လို့ ဦးအောင်ကျော်ဇောကပြောပါတယ်။

ဟီလရီခရီးမစမီ တရုတ်ဘက်က ခေါ်လိုက်လို့ အရေးပေါ်သွားရတာဖြစ်ပြီး အခုလိုသံတမန်ရေး အရ မြန်မာက အမေရိကန်နဲ့ ပိုနီးကပ်တာကို တရုတ်ဖက်ကဘာမှ သိပ်ပြင်းပြင်း ထန်ထန်ပြောနိုင်မှာ မဟုတ်ဘူးလို့ဆက်ပြောပါတယ်။ မြန်မာတို့ဆီက ဝယ်တဲ့ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ ဖျက်ပစ်မှာ တရုတ်ကစိုးရိမ်လို့ အပေါ်ယံသာ ပြောနိုင်ပေမဲ့ တကယ်တမ်း ဘာမှ သိပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဦးအောင်ကျောဇောက သုံးသပ်သွားပါတယ်။