အမေရိကန်၊မြန်မာ၊တရုတ် ဆက်ဆံရေး။

  • 28 နိုဝင်ဘာ 2011
_hilary_clinton ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ကလင်တန် မြန်မာနိုင်ငံ ကို ဒီသီတင်းပတ်ထဲ လာမယ့် အရေး ကို ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ ပြောရေးဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်း က မြန်မာနိုင်ငံ ဟာ နိုင်ငံတကာ နဲ့ ချစ်ကြည်စွာ ဆက်ဆံတာဟာ ကောင်းမွန်တဲ့ ကိစ္စ မို့ ကြိုဆိုရမယ် လို့ ဆိုပါတယ်။

ကနေ့ ကမ္ဘာ့ အခြေအနေ အရ အမေရိကန် ဟာ မြန်မာနိုင်ငံ ကို တရုတ်နဲ့ ကွာအောင် လုပ်မယ် ဆိုတာ ကြိုတင်တွက်ချက်ခဲ့ ကြောင်း ဘီဘီစီကို ပြောပါတယ်။ အမေရိကန် ဖက်ကလည်း မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ချိုးမှောက်မှု မှတ်တမ်း အပေါ် လျှော့ပေါ့မှု ပြုလာသလို၊ အလယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ကြားကနေ တစုံတရာ လုပ်ပေးတယ် လို့ ယူဆစရာ ရှိကြောင်းလည်း ရှင်းပြပါတယ်။

နိုင်ငံတကာ အခန်းကဏ္ဏ မှာလည်း မြန်မာ ပါလာပြီ ဖြစ်တဲ့ အတွက် မြန်မာ နိုင်ငံရဲ့ စစ်ဗိုလ် တဖြစ်လဲ အာဏာရှင်တွေ ကြားမှာလည်း ထိရောက်မှု ရှိလာနိုင်ကြောင်း၊ မြန်မာနိုင်ငံဟာ တဖက်ထဲ ကို အားကိုးနေတာ မဟုတ်တော့ပဲ ဖက်နှစ်ဖက် ကြားထဲမှာ လှုပ်ရှား လာတာဖြစ်တဲ့ အတွက် ပြည်သူလူထု အတွက် ကောင်းလာစရာ ရှိနိုင်တယ် လို့ မြင်ပုံ၊ ရဲဘော် ဖိုးသံချောင်း က ပြောပါတယ်။

ဒါပေမယ့် နှစ်ဖက်ကြား အပေးအယူ လုပ်ကြတဲ့ အခါမှာ ပြည်သူတွေ နစ်နာစရာ ရှိပုံလည်း ထောက်ပြပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေ အနေနဲ့ ကိုယ့်အခွင့်အရေး နဲ့ ပတ်သက်ရင် ဘယ်နိုင်ငံ အပေါ်မှာမှ အရှေ့ပဲ ဖြစ်ဖြစ်၊ အနောက်ပဲ ဖြစ်ဖြစ် တခြားနိုင်ငံတွေ အပေါ် အားကိုးတာ မလုပ်ပဲ ကိုယ့်အစွမ်းအစ နဲ့ ကိုယ်ဟာကိုယ် အနစ်နာခံ လုံးပမ်းကြဖို့ မျှော်လင့်ပုံ ကို လည်း ရဲဘော် ဖိုးသံချောင်း က ဘီဘီစီ ကို ပြောပါတယ်။