ကလင်တန်လာရောက်မှာကို မြန်မာလူ့အခွင့်အရေး ကော်မရှင် ကြိုဆို

  • 29 နိုဝင်ဘာ 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ လာရောက်မှာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့အတွက်၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ ပြစ်တင် ပြောဆိုနေမယ့်အစား ပူးပေါင်း ပါဝင် လုပ်ဆောင်တာက ပိုအကျိုးရှိမှာ ဖြစ်ပြီး၊ အခုခရီးစဉ်အတွက် ကြိုဆိုကြောင်း မြန်မာ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရက ပြောပါတယ်။

နောက်ပြီးသူက လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အခြေခံဥပဒေမှာ ပါရှိတဲ့အတိုင်း လူ့အခွင့်အရေးကို တိုးတက် ခိုင်မာအောင်လုပ်နေကြောင်း ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ တိုင်ကြားလာတာတွေကိုလည်း စိစစ်ပြီး ဆောင်ရွက် ပေးနေကြောင်း သူကပြောပါတယ်။ အဲဒါကတော့ အကာအကွယ်ပေးတဲ့ အပိုင်းဖြစ်ပြီး၊ တခြားကိစ္စရပ်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း တက်တက်ကြွကြွလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကော်မရှင်က မေတ္တာရပ်ခံထား တာကိုတောင် အစိုးရက ပြန်လွှတ်ပေးဖို့ နှေးကွေးနေတဲ့အတွက် အမေရိကန်အနေနဲ့ ယုံကြည်နိုင်ပါ့ မလားဆိုတဲ့ သံသယတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်နေတဲ့ ကိစ္စကိုတော့ ဦးဝင်းမရက နှေးကွေးတယ်၊ ကြန့်ကြာတယ်လို့တော့ ပြောလို့ မရကြောင်းနဲ့ ပထမအနေနဲ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးတာကို ကြည့်ရင် ဒါဟာ ကြီးမားတဲ့ တိုးတက်မှုတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ကော်မရှင်က တောင်းဆိုတဲ့အတိုင်း အစိုးရပိုင်းက လုပ်ပေးလာမယ်လို့တော့ ပြောလို့မရ ကြောင်း၊ ဒါပေမယ့်လည်း အကျဉ်းသားတွေ ထပ်လွတ်လာဖို့ကိုတော့ မျှော်လင့် ကြောင်း သူက ဆက်ပြောပါတယ်။

အမေရိကန်အနေနဲ့ကလည်း အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ကြားက နိုင်ငံခြားရေးဝန်ကြီးကို အလည်အပတ် လွှတ်လိုက်တာ ဖြစ်တဲ့အတွက် အကျဉ်းသားတွေ ထပ်လွတ်လာဖို့ကို မျှော်လင့်နိုင်ကြောင်း ဦးဝင်းမရက ပြောပါတယ်။