အီဂျစ် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပ

  • 29 နိုဝင်ဘာ 2011
Egypt voters
Image caption အီဂျစ် ရွေးကောက်ပွဲ မဲဆန္ဒ ရှင်များ

အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၉ လတုန်းက သမ္မတ မူဘာရက်ပြုတ်ကျခဲ့ပြီးတဲ့နောက် ပထမဆုံးကျင်းပနေတဲ့ ပါလီမန် ရွေးကောက်ပွဲမှာ ဒုတိယနေ့ အဖြစ် ဆက်လက်မဲပေးနေကြပါတယ်။

မနေ့တုန်းက ကိုင်ရို နဲ့ တခြား အဓိက မြို့ကြီးတွေမှာ လူတွေသန်းနဲ့ချီပြီး လာရောက်မဲပေးခဲ့ကြပါတယ်။

ကျန်တဲ့အီဂျစ်တနိုင်ငံလုံးမဲပေးပြီးကြမယ့် အခုနှစ်ကုန်မတိုင်ခင်တော့ မဲရလာဒ်ကိုသိနိုင်ဦးမှာမဟုတ်ပါဘူး။

အီဂျစ်နိုင်ငံ မှာ ပထအဆင့် ရွေးကောက်ပွဲ ဒုတိယနေ့ မှာ မနေ့ကနဲ့စာရင် သမိုင်းဝင်ဖြစ်ရပ်ရဲ့ အစဘဲ ဆိုတဲ့ ခံစားမှုမျိုးတော့ သိပ်မတွေ့ရတော့ပါဘူး။

မနေ့တုန်းက တော့ကိုင်ရိုမြို့ နေရာတချို့မှာ စိတ်ရှည်လက်ရှည် တန်းစီစောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးကိုမဲပေးနိုင်အောင် မဲရုံမှူးတွေ အတော် ခက်ခက်ခဲခဲကိုင်တွယ်ခဲ့ရပါတယ်။

အီဂျစ်နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေကြောင့် လွှတ်တော်နှစ်ရပ်လုံးအတွက် ဒေသသုံးခုမှာ သီးခြားစီရွေးချယ်မဲပေးကြရမှာဖြစ်ပြီး ရလာဒ်ကို ချက်ချင်းသိနိုင် ဦးမှာမဟုတ်ပါဘူး။

အခုမဲပေးရာမှာ First past the post လို့ခေါ်တဲ့ မဲအများစုရတဲ့သူ ကိုအနိုင်ပေးတဲ့စံနစ်နဲ့ propotional representation လို့ခေါ်တဲ့ အချိုးကျရွေးချယ်တင်မြှောက်တဲ့စံနစ်နှစ်မျိုး ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။

တချို့ရွေးကောက်ခံကိုယ်စား လှယ် တွေအနေနဲ့ မဲအများစုစံနစ်အရ သူတို့ဘယ်လောက်ထောက်ခံမှုရခဲ့ကြသလဲဆိုတာကိုမကြာခင်ရက်ပိုင်းအတွင်းသိလာရနိုင်ပေမယ့်၊ မဲစံနစ်ရဲ့ ရှုပ်ထွေးမှုကြောင့်နောက်ဆုံးရလာဒ်ဘယ်လိုဖြစ်လာမလဲဆိုတာကိုဘယ်သူမှအတတ်မပြောနိုင်ပါဘူး။

အီဂျစ်နိုင်ငံဆန္ဒခံယူပွဲမှာ လူတွေစံချိန်တင် အောင်လာရောက်မဲပေးကြလိမ့်မယ်ဆိုပြီးပါတီအများစုကခန့်မှန်းနေပါတယ်။

ဒါဟာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပေးနိုင်မယ့် ဒီမိုကရေစီ စံနစ်ကိုလူတွေလိုလားတောင့်တနေတဲ့ လက္ခဏာတခုဘဲဖြစ်တယ်လို့ Kevin Connolly ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။